ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေတယ်လို့ ဖလမ်းဒေသခံတွေက ဇန်နဝါရီလ ၂၃ ရက်ပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဖလမ်းမြို့ပေါ်က အနောက်ဘက်ခြမ်းကို လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုကို မသိရသေးပါဘူး။
လက်ရှိဖလမ်းမြို့မှာ ကျန်ရှိနေတဲ့ စစ်တပ်ကုန်းစခန်းကို ချင်းညီနောင်အဖွဲ့က အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း နေ့စဉ် ဗုံးကြဲနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လေယာဉ်က နေ့တိုင်းလိုလို လာတယ်။ မနေ့ကဆို သုံးစင်းလာကြဲတာ၊ မြို့ပေါ်က ချင်းညီနောင် (CB) တပ်တွေ ရှိနေတယ်လို့ထင်တဲ့ နေရာတွေကို ကြဲသွားတယ်။ တိုက်ပွဲက စစ်တပ်ကုန်းကိုရဖို့ ဆက်တိုက်နေကြတယ်။ ချင်းညီနောင် (CB) ကလည်း အင်အားဖြည့်ပြီး တိုက်နေတာကြောင့် တစ်မြို့လုံးသိမ်းဖို့ မကြာလောက်တော့ဘူး”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့အနီးမှာ နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနစ်၊ နိုဝင်ဘာ ၉ ရက်နေ့ကစတင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၈) တပ်ကုန်းစခန်းကလွဲရင် ဖလမ်းမြို့နေရာအားလုံးကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားပါတယ်။ ချင်းပြည်နယ်မှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ်တွေကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖလမ်းနဲ့ ထန်တလန်မှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Hits: 0