မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။

တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်ရဲ့ အိမ်နီးချင်း သံတမန်ရေးမှာ မြန်မာကို အရေးပါတဲ့နေရာ အမြဲထားပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အပြောင်းအလဲတွေ ဖြစ်ရေး ကူညီနေတယ်လို့ပြောပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ ငြိမ်းချမ်းသင့်မြတ်ရေးနဲ့ လူမူစီးပွားအကူအညီပေးတာကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တာကို Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို တရုတ်ကနေ ဖိတ်ခေါ်မှာကို အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းလာပေမဲ့ အရင်တောက်လျှောက် ငြင်းပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာ နှစ်ဖက် ပြောင်းလဲလာတာကို အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး Jason Tower က အခုလို သုံးသပ်ပြပါတယ်။

“ဒီခရီးစဉ်ကတဆင့် တရုတ်အနေနဲ့ သူ မကူညီရင် ကျဆုံးတော့မဲ့ စစ်အုပ်စုကို ထောက်ခံမှုပေးတာ အခိုင်အမာပြဖို့ ရည်ရွယ်ပုံရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း မြန်မာပြည်သူတွေ တရားဝင်ထောက်ခံမှု ဆုံးရှုံးနေတာအပြင်၊ နိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်အပါအဝင် နေရာများစွာမှာ စစ်ရေးဆုံးရှုံးမှုတွေပါ ရှိနေချိန်၊ သူ မရှိမဖြစ်လိုနေတဲ့ တရုတ်ရဲ့ ဒီလုံခြုံရေးဆိုင်ရာ အကူအညီ ပိုပေးလာဖို့၊ စီးပွားရေးနဲ့ ပထဝီ-မဟာဗျုဟာဆိုင်ရာတွေ တရုတ်ကို လိုက်လျောကူညီပေးဖို့ ကြိုးပမ်းလာပုံရပါတယ်။ အထူးသဖြင့် အခုစစ်ရေးအရ မြောက်ပိုင်းမှာကျဆုံးတာတွေက တရုတ်ရဲ့ ဒီပထဝီ-မဟာဗျုဟာဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအတွက် အထူးအရေးပါတဲ့နေရာတွေ ဖြစ်နေပါတယ်။” အခုလို တရုတ် အပြောင်းအလဲ ဖြစ်လာတာအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း အခုလို ထောက်ပြပါတယ်။

“မင်းအောင်လှိုင်ကိုသူတို့ မသုံးပဲနဲ့ ဘယ်သူနဲ့အစားထိုးမလဲဆိုတာ စဉ်းစားခဲ့တဲ့အချိန်တချိန်ရှိပါတယ်။ ဒါပေမဲ့ရှမ်းမြောက်က ညီနောင်သုံးဖော်ရဲ့တိုက်ပွဲတွေက အရှိန်ပိုမြင့်မားလာပြီးတဲ့နောက် တော်လှန်ရေးကျယ်ပြန့်လာတာ၊ နောက်ပိုင်းမှာတော့ အညာဒေသအထိ ကျယ်ပြန့်လာတဲ့အခါမှာ မင်းအောင်လှိုင်ကိုတော့ သူတို့ မသုံးလို့မရတော့ဘူး။ မင်းအောင်လှိုင်ဟာ တပ်ချုပ်ဖြစ်တယ်။ တပ်ကိုကိုင်ထားတဲ့လူမှသာ တိုင်းပြည်ကိုကိုင်နိုင်မယ်လို့ ယူဆတဲ့သဘောထားပြောင်းလိုက်ပါတယ်။ မင်းအောင်လှိုင်ကိုပြန်ပြီးတော့ ကယ်တင်ဖို့ တချိန်တည်းမှာ စစ်တပ် မြန်မာ့တပ်မတော်ပြိုကွဲသွားလို့မဖြစ်ဘူး၊ အားဖြည့်ပေးရမယ်၊ အဲဒီလိုသဘောထားရှိလာတဲ့အောက်မှာ သူ့ကို ပြန်ပြီးတော့ နန်းတင်ပေးဖို့ ကြိုးစားလာတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။”

တရုတ်အနေနဲ့ မြန်မာကို သီးသန့်ဖိတ်တာမဟုတ်ဘဲ၊ တခြားနိုင်ငံတွေနဲ့ရောပြီး မဟာမဲခေါင်ဒေသထိပ်သီးပွဲကို ရောပြီးဖိတ်တာကြောင့်လည်း ဗိုလ်ချုပ်မှုးကြီမင်းအောင်လှိုင်နဲ့ မြန်မာစစ်ကောင်စီကို တရုတ်က အလုံးစုံ ထောက်ခံပေးလိုက်တာမျိုးတော့ မဟုတ်ဘူးလို့၊ နောက်ထပ် မြန်မာ့အရေးသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ထောက်ပြပါတယ်။

“အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်းပြီးကြိုဆိုသလို နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဆက်ဆံတာမျိုးတော့မဟုတ်ဘူး။ အဲဒီဟာမျိုး ပုံအောတာမျိုးမဟုတ်ဘူး။ ဒေသတွင်းဘောင်ထဲကနေ တိုးပြီးဆက်ဆံတာမျိုးရှိတယ်။ ဒါပေမဲ့ ပြန်စနေတဲ့သဘောပေါ့လေနော်။ တဖြေးဖြေးကတော့ တရုတ်ကတော့ မြန်မာပြည်ကို မပြိုစေချင်တာရယ်၊ သူ့ရဲ့ ပထဝီအကျိုးစီးပွားကြောင့်ရယ် နည်းနည်းပိုပြီးတော့ ရှေ့တိုးပြီးဆက်ဆံလာတဲ့သဘောမျိုးတော့တွေ့ရတယ်။” တဘက်မှာလည်း တရုတ်အနေနဲ့ နယ်စပ်ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်စပ်ပိတ်တာအပါအဝင် စစ်ပွဲတွေဆက်မတိုးချဲ.ဖို့ ဖိအားပေးလာနေပေမဲ့ မထိရောက်သလို ဖြစ်နေတယ်လို့ Jason Tower က ထောက်ပြပါတယ်။

“တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားတိုးပေးလာနေပေမဲ့လည်း၊ ဒီမြန်မာမြောက်ပိုင်းမှာ လောလောဆယ် ဖြစ်နေတဲ့ စစ်ပွဲတွေ ပြောင်းပြန်လန်သွားဖို့ လုံလောက်ပုံမရှိပါဘူး။ တရုတ်ဖိအားစကထဲက ကချင်မှာရော ရှမ်းမြောက်ဖက်မှာပါ မြန်မာစစ်ကောင်စီစခန်းတွေ ဆက်ပြီး ဆုံးရှုံးနေရပါတယ်၊ ရခိုင်ဘက်မှာလည်း မြေပြင်တိုက်ပွဲတွေမှာ ပိုမိုဆုံးရှုံးလာနေတာတွေ့ရပါတယ်။ အဲဒီတော့ မြန်မာစစ်ကောင်စီ ကိုယ်စား တရုတ်က ဒီစစ်ပွဲတွေအပေါ် ဝင်ဖိအားပေးနိုင်တဲ့အနေအထားက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

အခုလိုဖြစ်နေတာအပေါ် စိုင်းထွန်းအောင်လွင်ကလည်း တရုတ် ဗဟိုအစိုးရက အခုလို ဖိအားပေးပေမဲ့၊ ဒေသန္တရ စီမံအုပ်ချုပ်သူတွေဘက်မှာ မြန်မာနဲ့ကုန်သွယ်ရေးကိုလည်း အလေးထားရတဲ့ ပြဿနာရှိနေတာကြောင့် အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် စိုင်းထွန်းအောင်လွင်က မြန်မာဘက်တော့ ရွေးကောက်ပွဲလမ်းကြောင်းကို တရုတ်နဲ့ ဒီဒေသတွင်းနိုင်ငံတွေ ထောက်ခံပေးဖို့ ပြောနိုင်တယ်လို့ ဆက်ပြောပါတယ်။ အခုလို အခြေအနေမှာ တရုတ် ဘက်က သတိထားသင့်တာကိုလည်း Jason Tower က အခုလို ထောက်ပြပါတယ်။

“တရုတ် ပြန်သတိပြုရမဲ့ လက်တွေ့အခြေအနေကတော့ မြန်မာစစ်တပ်အနေနဲ့ တည်ငြိမ်မှုပြန်ရအောင်လုပ်ပေးနိုင်မဲ့ နည်းလမ်းမရှိနေတာပါပဲ။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲကနေရအောင် လုပ်ပေးမယ်လို့ ဆက်ပြောလာနိုင်ပြီး၊ တရုတ်ဘက်ကလည်း တခြားနည်းလမ်းရှာမတွေ့တော့ ဒါကိုပဲ ထောက်ခံပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက တင်းမာမှု၊ မတည်ငြိမ်မှုတွေ ဖြေလျော့စေပြီး ပြန်တည်ငြိမ်လာစေဖို့ထက်၊ လူအများ ပိုစိတ်ပျက်ပြီး၊ တင်းမာမှုတွေပဲ နောက်တဆင့် ဆက်တိုးလာစေမဲ့ အနေအထား တွေ့နေရပါတယ်။”

တချိန်ထဲမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေလည်းလိုက်သွားတဲ့ ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်ခရီးစဉ် စစချင်းမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အင်္ဂါနေ့က ဆွေးနွေးပွဲကြီးလုပ်ပြီး ရင်းနှီးမြုပ်နှံဖို့ဖိတ်ခေါ်တာက မြန်မာဘက်က ကျဆင်းနေတဲ့ စီးပွားရေးပြန်ကယ်တင်နိုင်ဖို့ လိုက်လျောမှတွေလုပ်ပေးနိုင်တာပြတယ်လို့ Jason Tower က ပြောပြီး အခုလို ဆက်ထောက်ပြပါတယ်။

“မြန်မာစစ်တပ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုအမှားတွေနဲ့ တိုးတက်မှုမရှိတာတွေကြောင့် ဒီတရုတ်ရင်းနှီးမြုပ်နှံမှုတွေအပေါ် အန္တရာယ်ရှိနေတာ သေချာပါတယ်။ အဲ့ဒိတော့ အရင်စီးပွားရေးရင်းနှီးထားမူတွေဖြစ်တဲ့ မီးရထားလမ်းတို့၊ ရေအားလျှပ်စစ်လုပ်ငန်းတို့၊ နောက်အထူးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံတွေ၊ လတ်တလော ရှေ.ဆက်ဖို့ ခက်နေချိန်မှာ၊ အခုတွေ့ခဲ့တဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ နောက်ထပ် ရင်းနှီးမြုပ်နှံမှုသစ်တွေ ဘယ်လောက်များများ ထပ်တိုးလာနိုင်မှာကလည်း မေးခွန်းထုတ်စရာပါ။”

အခု တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ရာမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဘက်ကတော့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအောင်းတပ်ဖွဲ့နဲ့၊ AA ရခိုင်တပ်ဖွဲ့တို့က ငြိမ်းချမ်းရေးလိုလားတာ လုပ်ဆောင်ပြမှသာ ပြန်ဆွေးနွေးနိုင်မယ်လို့ ပြောခဲ့တယ်ကြောင်း သတင်းဖော်ပြခဲ့ပါတယ် ခင်ဗျာ။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed