လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံဘက်အခြမ်း ကက်ရှ်မီးယားဒေသမှာ အိန္ဒိယ ခရီးသွားဧည့်သည်တွေကို လက်နက် ကိုင်တွေရဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦး သေဆုံးခဲ့ရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုသီတင်းပတ် အစောပိုင်းမှာ အိန္ဒိယက ပါကစ္စတန်နိုင်ငံက နေရာ ၉ ခုကို မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေရာတွေဟာ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အုံနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ဘာဟာဝါလ်ပူရ် ဒေသက ဆပ်ဘာနူလာ ဗလီကို အိန္ဒိယက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အဲဒီဗလီဟာ မတရားသင်းကြေညာထားတဲ့ ဂျိုင်ရှ် အီ မိုဟာမက် (Jaish-e-Mohammed – JeM) လက်နက်ကိုင်အုပ်စုရဲ့ လက်နက်ကိုင်တွေ စုဆောင်း ခန့်ရာ၊ စစ်ဘက်နဲ့ အယူဝါဒ လေ့ကျင့်သင်တန်းပေးရာ စခန်းတစ်ခု ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

အခုဒီတိုက်ခိုက်မှုအတွင်းမှာ သူ့ရဲ့ မိသားစု ဆွေမျိုး အတော်များများ သေဆုံးခဲ့တယ်လို့ မာဆွတ် အဇားက ပြောပါတယ်။ ဂျိုင်ရှ် အီ မိုဟာမက် {JeM) အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့မျိုးပါလဲ။ အကြမ်းဖက်သမားတစ်ဦးအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အဲဒီအဖွဲ့ ခေါင်းဆောင် မာဆွတ် အဇား က ဘယ်လိုလူပါလဲ။

မာဆွတ် အဇား ဆိုတာ ဘယ်သူလဲ

မာဆွတ် အဇား ဟာ ဂျီဟာ့ဒ် ဘာသာရေးစစ်ပွဲ ခေါင်းစဉ်အောက်မှာ လူသတ်မှု ကျူးလွန်ဖို့နဲ့ တခြားအကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေအပေါ် သြဇာလွှမ်းမိုးခဲ့သူ အစွန်းရောက်ဝါဒီတစ်ဦးအဖြစ် နိုင်ငံတကာက သိထားကြပါတယ်။ သူဟာ ၁၉၆၈ ခုနှစ်မှာ ဘာဟာဝါလ်ပူရ်မြို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုတစ်စုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူ့ဖခင်ဟာ ဆေးပညာနဲ့ ဒဿနိကဗေဒပညာ လောကမှာ အသက်မွေးဝမ်းကြောင်း လုပ်ခဲ့သူ ဖြစ်ပါတယ်။

မူလတန်း ပညာရေးအပြီးမှာ မာဆွတ် အဇားဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ဘနူရီ ရပ်ကွက်က ဂျမီယာ အူလွန်းမ် အူလ် အစ္စလာမီယာ အစ္စလာမ် တက္ကသိုလ်မှာ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရအပြီး မာဆွတ် အဇား ဟာ ဂျမိုင်ယာ ဘနူရီ ဘာသာရေး အဖွဲ့အစည်းမှာ ဆရာအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

မာဆွတ် အဇား ဟာ ၁၉၈၉ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဂျီဟာ့ဒ် ဝါဒီလက်နက်ကိုင်တွေနဲ့ အတူ တိုက်ခိုက်ခဲ့တယ်လို့ သူနဲ့ ဆက်နွှယ်ပတ်သက်သူ တစ်ဦးဖြစ်တဲ့ တာဟီယာ ဟာမိဒ် ကို ကိုးကားပြိး ရီဆားလ် အီ ဂျီဟာ့ဒ် လက်နက်ကိုင်မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အာဖဂန်နစ္စတန်ကနေ ပြန်လာအပြီး မာဆွတ် အဇား ဟာ ကရာချိ၊ ဟိုင်ဒရာဘာ့ဒ်၊ ဆွတ်ကူရ်၊ ကူပရူ၊ နဝက်ရှားနဲ့ တခြားမြို့တွေ အပါအဝင် နေရာဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်ကြဖို့ ဆက်တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ သဘောထားအမြင်တွေ ဖော်ပြဖို့နဲ့ ဂျီဟာ့ဒ်ဝါဒ အကြမ်းဖက်မှုတွေ လှုံ့ဆော်ဖို့ ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပြီး ၁၉၉၀ ခုနှစ် ဇန်နဝါရီလမှာ ဆာဒေး မူဂျာဟိဒ် (မူဂျာဟိဒ် အသံ ) လို့အမည်ပေးထားတဲ့ လစဉ် မဂ္ဂဇင်းကို ပထမဆုံး စတင်ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

အဲဒီမဂ္ဂဇင်းဟာ ကက်ရှ်မီးယားပြည်နယ်မှာ လှုပ်ရှားခဲ့ပြီး အခုအခါ ပျက်ပြယ်သွားပြီဖြစ်တဲ့ ဟာကက် အူလ် မူဂျာဟီဒီးန် ဆိုတဲ့ ပါကစ္စတန်လက်နက်ကိုင်အဖွဲ့ဟောင်းတစ်ခုရဲ့ သြဇာလွှမ်းမိုး ခံခဲ့ရပြီး အဲဒီအဖွဲ့ရဲ့ ဘာသာရေး အယူဝါဒတွေအတိုင်း လိုက်နာကျင့်သုံးခဲ့တယ်လို့ ဆိုကြပါတယ်။

မာဆွတ် အဇားဟာ အစ္စလာမစ် ဂျီဟာ့ဒ်ဝါဒ၊ သမိုင်းကြောင်း၊ ဂျီဟာ့ဒ်ဝါဒ သင်တန်းတွေနဲ့ ကြီးကြပ်မှုတွေအကြောင်း စာအုပ်ပေါင်း ၃၀ ကျော် ရေးသားခဲ့ပြီး အစ္စလာမစ် ဝါဒတွေကို ကာကွယ်ဖို့ အာဖဂန်နစ္စတန်မှာ တိုက်ပွဲဝင်ရေးက အရေးပါကြောင်းကို အလေးထား ဖော်ပြခဲ့တယ်လို့ သတင်းထောက်တွေနဲ့ ကျွမ်းကျင်သူပညာရှင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အဖမ်းခံရပြီး ပြန်လွတ်လာ

မာဆွတ် အဇား ကို ဂျီဟာ့ဒ်ဝါဒီ အကြမ်းဖက်သမားအဖြစ် ကမ္ဘာတဝန်းက ယူဆထားကြပါတယ်။ သူဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီ အာရေဗျနဲ့ ဇမ်ဘီယာ စတဲ့နိုင်ငံတွေကိုရော ယူကေနိုင်ငံကိုပါ သွားရောက်ခဲ့တယ်လို့ သူ့နဲ့ ဆက်နွှယ်နေသူတချို့ဆီက သိရပါတယ်။ သူဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၄ ခုနှစ်မှာ အိန္ဒိယဘက်အခြမ်း ကက်ရှ်မီးယားဒေသမှာ အိန္ဒိယအစိုးရက ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို ထိန်းသိမ်းထားစဉ် CBI အိန္ဒိယထောက်လှမ်းရေး အေဂျင်စီထံ ပေးခဲ့တဲ့ ကြေညာချက်ထဲမှာ မာဆွတ် အဇားက အိန္ဒိယမှာ ဂျီဟာ့ဒ် ဘာသာရေးစစ်ပွဲ ဖြစ်လာနိုင်တာကို စစ်ဆေးကြည့်ရှုဖို့ အဲဒီကို သူသွားခဲ့တာ ဖြစ်တယ်လို့ ရေးထားကြောင်း အဲဒီအချိန်က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်သွားခဲ့ပြီး အဲဒီကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကို ပေါ်တူဂီ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၆ ဦး ပြန်ပေးဆွဲခံခဲ့ရချိန်မှာ မာဆွတ် အဇားရဲ့ နာမည် ထင်ရှား ပေါ်ထွက် လာခဲ့ပါတယ်။ ပြန်ပေးသမားတွေက သူတို့ကိုသူတို့ အယ်လ် ဖာရန် တွေလို့ အမည်ပေးခဲ့ကြပြီး မာဆွတ် အဇားကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကို အိန္ဒိယအစိုးရက ပယ်ချခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေထဲက ငါးဦး အသတ်ခံခဲ့ရပြီး တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်အပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ နီပေါနိုင်ငံ ခတ္တမန်ဒူမြို့တော်ကနေ ဒေလီမြို့ဆီ ပျံသန်းလာတဲ့ အိန္ဒိယလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်း ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။ အဲဒီလေယာဉ်ဟာ တာလီဘန်အစိုးရ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့မှာ ဆင်းသက်ခဲ့ပါတယ်။

ဂျိုင်ရှ် အီ မိုဟာမက် (Jaish-e-Mohammed) အဖွဲ့တည်ထောင်

အိန္ဒိယမှာ သူ့ကို မဖမ်းဆီးခင် မာဆွတ် အဇားဟာ ဟာကက် အူလ် မူဂျာဟီဒီးန် အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူပြန်လွတ်လာအပြီး ၁၉၉၉ ခုနှစ်မှာ ကရာချိမြို့မှာ ဂျိုင်ရှ် အီ မိုဟာမက် (မိုဟာမက် တပ်မတော်) JeM အဖွဲ့ကို တည်ထောင်လိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ သူက ဟာကက် အူလ် မူဂျာဟီဒီးန်အဖွဲ့နဲ့ ဆက်နွှယ်မှုတွေ အားလုံးကို ဖြတ်တောက်ခဲ့ပြီး နောက်ဆုံးမှာ ဟာကက် အူလ် မူဂျာဟီဒီးန် အဖွဲ့ပိုင် စခန်းတွေနဲ့ ရုံးဌာန အများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ် ဧပြီလမှာ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား ဒေသရဲ့ ဆရီနာဂါမြို့တော် ဘာဒါမီ ဘက်ဂ် ဆင်ခြေဖုံးနားက စစ်ရုံးချုပ်မှာ ကားနဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ကက်ရှ်မီးယား လှုပ်ရှားမှုသမိုင်းမှာ ပထမဆုံး အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာ JeM အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ အိန္ဒိယအုပ်ချုပ်တဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား လွှတ်တော် တိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာလမှာလည်း ဒေလီမြို့ က အိန္ဒိယ ပါလီမန် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ JeM အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပါတယ်။ JeM အဖွဲ့ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပသန်ကော့ နယ်စပ်မြို့မှာ ရှိတဲ့ လေတပ်စခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရမှုဟာ JeM အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့လည်း အိန္ဒိယက စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံ မဇာ အီ ရှာရစ်မြို့က အိန္ဒိယ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်း ကက်ရှ်မီးယားဒေသ ယူရီမြို့က အိန္ဒိယ စစ်တပ်မ ဌာနချုပ် တိုက်ခိုက်ခံရမှုတွေကိုလည်း JeM အဖွဲ့က လုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

နောက်သုံးနှစ်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ JeM အဖွဲ့က အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို သူတို့လုပ်ခဲ့တာလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အကြမ်းဖက်သမားတစ်ဦးအဖြစ် စာရင်းသွင်းခံရ

၂၀၀၁ ခုနှစ်မှာ အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်ခဲ့အပြီး အမေရိကန်အစိုးရက ဂျိုင်ရှ် အီ မိုဟာမက် အဖွဲ့ကို သူတို့ရဲ့ ပြည်ပ အကြမ်းဖက်အဖွဲ့ (FTOs) စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့အဖွဲ့ကို ကမ္ဘာတဝန်း အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတ်မှတ်ပေးဖို့ အိန္ဒိယအစိုးရက ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၉ ခုနှစ် မေလမှာ အိန္ဒိယ စစ်မှုထမ်း ၄၀ သေဆုံးခဲ့ရတဲ့ ပူလ်ဝါမာမြို့ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့ပြီးချိန်မှာတော့ ကုလသမဂ္ဂ က မာဆွတ် အဇားရဲ့ အမည်ကို သူ့ရဲ့ ကမ္ဘာ့အကြမ်းဖက်သမား စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။

သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါးဗက်ဇ် မူရှာရက်ဖ် အုပ်ချုပ်နေစဉ် ၂၀၀၂ ခုနှစ် အစောပိုင်း တုန်းက ဂျိုင်ရှ် အီ မိုဟာမက် အဖွဲ့ကို မတရားသင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တန်ဇီးမ် အယ်လ် ဖာကန် ဆိုတဲ့ အမည်အောက်မှာ ဆက်လက် လှုပ်ရှားခဲ့ပြီး အယ်လ် ရာမက် ရန်ပုံငွေအဖွဲ့ လို့ခေါ်တဲ့ လူမှုဖူလုံရေးအဖွဲ့တစ်ခုအဖြစ်လည်း ဖွဲ့စည်းခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်