ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး ၊ သင်္ဃန်းညီနောင်အ​ခြေစိုက် ခမရ(၃၅၅)သို့လာရောက်​သောစစ်တပ်ရဟတ်ယာဥ်ကို KNLA နှင့် PDF ပူးပေါင်းတပ် ​ကော်ဘရာစစ်​ကြောင်း၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ တပ်မမှူး ဗိုလ်မှူးကြီး (ဗိုလ်မှူးချုပ်) အေးမင်းနောင် နှင့် ခမရ(၉) တပ်ရင်းမှူး တို့အပါအဝင် ၄ဦးသေဆုံးပြီး ၂ ဦး သာ အသက်ရှင်ကြောင်း စစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ကြေးနန်းစာကို ကရင်စစ်​ရေးသတင်းရင်းမြစ်က ပြသခဲ့ရာ တပ်မ(၄၄) တပ်မမှူး အေးမင်းနောင်၊ ​လေသူရဲ၂ဦး၊ ဒရုန်းအရာရှိ ၁ဦး၊ ခမရ(၉) တပ်ရင်းမှူး တို့သည် မော်လမြိုင်မှ သင်္ကန်းညီနောင် ခမရ(၃၄၆) ရဟတ်ယာဉ်ကွင်းသို့ Euro Copra ရဟတ်ယာဉ်ဖြင့် လာရောက်စဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။ ရဟတ်ယာဉ် ဆင်းသက်စဉ် ရဟတ်ယာဉ်ကွင်းအပေါ် မီတာ ၅၀ ခန့် အရောက် စနိုက်ပါ ၂ချက် ပစ်ခတ်ခံရပြီးပျက်ကျခဲ့ရာ ဒရုန်းအရာရှိ နှင့် စက်ပြင် တို့ ၂ဦး သာ အသက်ရှင်သည်ဟု အဆိုပါစာ၌ ​ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီရဟတ်ယာဉ်သည်စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ဒီဇင်ဘာလ ၁၆ရက်က တပ်တော်ဝင်ခဲ့သည့် Eurocopter AS 365 Dauphin အမျိုးအစားဖြစ်သည်။ ထိုရဟတ်ယာဉ်သည်၂၀၂၁ ဒီဇင်ဘာလ ၁၆ရက်က စစ်ကောင်စီကာပြုလုပ်ခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်လေနေ့၌ တပ်တော်ဝင်ခဲ့သည့် ဘက်စုံသုံးရဟတ်ယာဥ်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ထိုရဟတ်ယာဉ်သည် ပြင်သစ်နိုင်ငံထုတ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ကိုးသန်းခန့် တန်ကြေးရှိကာ သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ်ဖြစ်သည်။

၂၀၂၁ဒီဇင်ဘာလ ၁၆ရက်က စစ်ကောင်စီကာပြုလုပ်ခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်လေနေ့၌ စစ်ခေါင်း‌‌ဆောင်က တပ်တော်ဝင်လေယာဉ်များကို အမွှေးရည် ဖြန်းခဲ့သေးသည်။ ထို့အပြင် Eurocopter AS 365 Dauphin အမျိုးအစားရဟတ်ယာဉ်သည် အဓိကပုဂ္ဂိုလ်သယ်ဆောင်ရာ၌လည်း အသုံးပြုကြောင်း ထိုနေ့ကသတင်းထုတ်ပြန်ခဲ့သည်။

သင်္ဃန်းညီနောင်ရှိ ခမရ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော Mi-17 နှင့် ထိုEurocopter ရဟတ်ယာဉ် တို့အား ယ​နေ့ မွန်းလွဲ ၂နာရီ ခွဲတွင် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်း က Missile၊ ပွိုင့် 5၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ရာလေယာဉ်မှူးကို ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရဟတ်ယာဉ်သည် ခမရ(၃၅၆) တပ် ရင်းဌာနချုပ်သို့ ဆင်းသက်စဥ် ကော်ဘရာစစ်ကြောင်းကစက်သေနတ်ဖြင့် ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း နှင့် ရဟတ်ယာဥ်လာရောက်မည့် ခရီးစဥ် သတင်းပေါက်ကြားမှု ရှိနိုင်ကြောင်း ရေးသားဖော်ပြနေကြသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed