စစ်ကိုင်းတိုင်း၊ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ တွန်းလှန်တိုက်ခိုက်မှုကြောင့် တပ်ပျက်ပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်မှာ ဆုတ်ခွါထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတွန်းလှန်တိုက်ထုတ်ခဲ့ပြီး ယနေ့မနက်ပိုင်းမှာ ရန်သူ့တပ်ပျက်ကာ ဆုတ်ခွါထွက်ပြေးသွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး အရာရှိအပါအဝင် ရန်သူ့အလောင်း ၁၀ လောင်းကျော်တွေ့ရှိထားတယ်လို့ ကာကွယ်ရေးဝန်ဌာနကဖော်ပြထားပါတယ်။

ခမ်းပတ်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ”အခုအလောင်းတွေ့တာတော့ ၂၀ ကျော်ရှိပြီ သေနတ်တွေလည်းရထားတယ်။ စကစတွေက သူတို့စစ်ကြောင်းမှူးလည်းထွက်ပြေးသွားတာ” လို့ ၎င်းကပြောပါတယ်။ စစ်ကောင်စီထံက MA-10 RPG7 ၁ လက်၊ MG-3 ၁လက်၊ MA-S1 MK2 ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇ လက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလဆန်းအချိန်ကစပြီး စစ်ကောင်စီကခမ်းပတ်မြို့ကို စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီးလေကြောင်းဖြင့်လည်း အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်အထိနာပြီး တပ်ဆုတ်ထွက်ပြေးသွားတာဖြစ်တယ်လို့ ဒေသခံများထံကသိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed