August 7, 2023 || Tongsan Media Group ||

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ယခုနှစ်ဝက်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ယနေ့ ပြောကြားသည်။

“ဒီခြောက်လတာ ကာလအတွင်းမှာရန်သူ့ရဲ့စခန်း သိမ်းပိုက်မှုပေါင်း ၃၀ကြိမ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကရင်နီဒေသမှာ ၁၀ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၆ကြိမ်နဲ့တောင်ပိုင်းတိုင်းမှာ ၁၄ကြိမ် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။ အလားတူ ရဲစခန်း ၁၅ခု၊ နယ်ခြားစောင့်တပ်စခန်း ၁၀ခု၊ ပျူစခန်း ၁၄ခုတို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင် စခန်းသိမ်းပိုက်မှု အကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောပြသည်။ လက်ခတ်တောင်စခန်းကို ဇူလိုင် ၂၁ရက်က သိမ်းပြီးနောက် အစောင့်အနည်းငယ်ချထားသည့် ယင်းစခန်းအား စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိကြောင်း၊ လက်နက်ကြီး လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်နေသော်လည်း ၁၅ရက်ကြာသည်အထိတောင်ခြေသို့ ကပ်နိုင်ခြင်းမရှိသေးကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

“ဒါက ဘာကိုပြနေလဲဆိုတော့ လက်ခတ်တောင်တင်မဟုတ်ပါဘူး တစ်နိုင်ငံလုံးမှာ စိတ်ဓာတ်ရေးရာအရ အောက်ဆုံးကိုရောက်နေတဲ့ တိုက်လိုခိုက်လိုစိတ်မရှိဘဲ ပြေးပေါက်ကိုသာ ရှာနေတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေရဲ့ အခြေအနေကို ဒီတိုက်ပွဲက မီးမောင်းထိုးပြနေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါလက်ခတ်တောင်စခန်းကို PDFနှင့် မဟာမိတ်များက မလိုအပ်တော့၍ စွန့်လွှတ်မှသာ စစ်ကောင်စီက ပြန်ထိန်းသိမ်းနိုင်မည့် သဘောရှိနေသည်ဟု ပြောပြသည်။

ပထမ ၆လတာအတွင်း တံတားဦးလေတပ်စခန်း၊ မင်္ဂလာဒုံလေတပ်စခန်း၊မကွေးလေတပ်စခန်း၊တောင်ငူလေတပ်စခန်းနှင့် ကျောက်ထု လေတပ်စခန်းများကို ၇ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ လေယာဉ်များကို ဖြိုခွင်းနိုင်ရန် ဒုံးကျည်များမရှိသော်လည်း မြေပြင်ရှိ လေတပ်စခန်းများကို ချေမှုန်းနိုင်ရန်တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်ဟုဆိုသည်။ စစ်ကောင်စီ၏စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ၇ရုံကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့်မဟာမိတ် တော်လှန်ရေးအင်အားစုများက ၁၂ကြိမ် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ခြောက်လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၉၃၅ကြိမ် ဖြစ်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား ၃,၀၁၂ ဦးသေဆုံးပြီး ၄၀၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆိုသည်။ လက်နက်ငယ် ၂၀၃လက် သိမ်းဆည်းရရှိခဲ့ပြီး ကျည် သုံးသောင်းကျော်၊ ဗုံးသီးပေါင်း ၆၀၀ကျော်နှင့် မိုင်း ၁၇၀ ကျော်ကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်သကဲ့သို့ PDF တပ်များကလည်း ဒရုန်းများ အသုံးပြုပြီး စစ်ကောင်စီ တပ်မဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

PDF များအနေဖြင့် ပုံမှန်စစ်ပွဲများကိုဆင်နွှဲလာနိုင်ပြီး မဟာမိတ်များနှင့် ပူးပေါင်းကာ ခရီးရှည်ချီတက် တိုက်ပွဲများ ဆင်နွှဲနိုင်ပြီဖြစ်သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။ “အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံ့ရဲ့ တောင်ပိုင်း၊မြောက်ပိုင်း အလယ်ပိုင်းဒေသစုံမှာ ဟန်ချက်ညီညီ တိုက်ပွဲဝင်လာနိုင်နေပြီဆိုတာကို အပေါ်က ပြတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ သဘောပေါက်သိရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အနေဖြင့် ရှေ့တန်းမှာသာ ရှေ့တန်းမဟုတ်ဘဲ တပ်မ ဌာနချုပ်များ၌လည်း ယခင်ကကဲ့သို့ စိတ်အေးလက်အေးနေနိုင်ခြင်းမရှိဘဲရှေ့တန်းကဲ့သို့ ပုန်းရှိုးကွယ်ရှိုး ဗုံးကျင်းတွေ တူးပြီးနေနေရသည့် သဘောရှိသည်ဟု ဆိုသည်။ ခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အား ၆ကြိမ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား ၁ကြိမ်၊ တပ်မ ၄၄ ဌာနချုပ်ကို ၃ကြိမ်၊ တပ်မ ၃၃ ဌာနချုပ်အား ၁ကြိမ်၊ ၁၀၁ တပ်မ ဌာနချုပ်အား ၂ကြိမ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်နိုင်မှုများသည် PDFနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစွမ်းရည် ပြည့်၀ လာရုံသာမက နောက်တန်းမှ ဘဏ္ဏာရေးပိုင်းကို ပံ့ပိုးပေးနေသည့် ပြည်တွင်း ပြည်ပက ထောက်ပို့ တပ်သားများ၏ အခန်းကဏ္ဍက အဓိက ကျသည်ဟု ပြောသည်။ပြည်သူများ၏ ငွေကြေးပိုင်းကူညီမှုများကို ကာကွယ်ရေးဝန်ကြီးဌာနက လေးနက်စွာချီးကျူးဂုဏ်ပြုကြောင်း ပြောဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေကလည်း မကြာမီသော ကာလမှာ ထိုးစစ်ကာလကို ရောက်ရှိလာဖို့ရှိပါတယ်။ အဲဒီ ထိုးစစ်ကာလကို ရောက်ရင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီထက်ပိုပြီးတော့ကျရှုံးတော့မှာ အမှန်ပဲဆိုတာကို ပြည်သူလူထုကို ထပ်မံပြီးတော့ တင်ပြချင်ပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed