September 10, 2023 || Tongsan Media Group ||

နိုင်ငံပေါင်း ၁၂၃ နိုင်ငံက တားမြစ်ရန် သဘောတူလက်မှတ်ရေးထိုးထားသော ဆင့်ကဲပေါက်ကွဲဗုံး (ကလပ်စတာဗုံး)များကို ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွင် အသုံးပြုနေကြောင်းသိရသည်။ အဆိုပါက ကလပ်စတာဗုံးများကို ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီက အသုံးပြုခဲ့ပြီး ချင်းပြည်နယ်အပါအဝင် ကရင်နီပြည်နယ် ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်လည်း အသုံးပြုနေကြောင်း Cluster Munition Coalition(CMC)၏ ထုတ်ပြန်ချက်အစီရင်ခံစာအရ သိရသည်။

“အဲ့ဒီကိစ္စတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်သွားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ပါလာတာတွေ့ရပါတယ်။ ဒီက ကလက်စတာဗုံးတွေ စစ်ကောင်စီက မင်းတပ်မြို့နယ်က တိုက်ပွဲတွေမှာ အသုံးပြုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေ၊ သက်သေခံပစ္စည်းတွေ၊ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ပျက်စီးမှုတွေကို နိုင်ငံတကာ မီဒီယာတွေနဲ့ NUGအစိုးရဝန်ကြီးဌာနတွေကို သတင်းပေးပို့ထားပြီးဖြစ်ပါတယ်။အထောက်အထား၊ အချက်အလက်တွေကိုလည်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ကလပ်စတာဗုံးအသုံးပြုမှု တားမြစ်သော သဘောတူညီချက်တွင် မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိကြောင်းသိရပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက အဆိုပါဗုံးများကို အသုံးပြုလာခြင်းဖြစ်သည်။ စစ်ကောင်စီကို ရဲစွမ်းသတ္တိအပြည့်နှင့် ခုခံတိုက်ခိုက်နိုင်သော ချင်းတိုင်းရင်းသားနှင့် မင်းတပ်မြို့နယ်ကို ဦးချိုးရန်အတွက် ဟောင်ဝေဇာအမြောက်များ လက်နက်ကြီးများသာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များ စစ်လေယာဉ်များဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး ကလပ်စတာဗုံးများ အပါအဝင် သံသယရှိဖွယ်ဓာတု လက်နက်များလည်း အသုံးပြု၍ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်းသိရသည်။

“ကျွန်တော်တို့ ချင်းလူငယ်တွေ၊ တော်လှန်ရေးရဲဘော်တွေဟာ အနိုင်မခံ၊ အရှုံးမပေးပဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ပြတ်သားတဲ့ ခံယူချက်နဲ့လွတ်မြောက်ရေးအတွက် ယခုအထိ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အမြတ်ပြတ်ယုံနဲ့ တော်လှန်ရေးခရီးလမ်းဆုံးဦးမှာ မဟုတ်ပဲ တန်းတူညီမျှပြီး လွတ်လပ်အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရသည်အထိ တော်လှန်ရေးတိုက်ပွဲဝင်သွားကြ မယ်လို့ ပြည်သူတွေကို ကတိပေးပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က အသုံးပြုခဲ့သော ကလပ်စတာဗုံးများသည် အသုံးပြုချိန်တွင် ထပ်ဆင့်မကွဲဘဲ ကျန်ရှိနေသော တချို့အစိတ်အပိုင်းများသည် မြေမြေုပ်မိုင်းများကဲ့သို့ နောင်မှ ထပ်မံပေါက်ကွဲ၍ အရပ်သားပြည်သူများကိုလည်း ထိခိုက်စေနိုင်ကြောင်းသိရသည်။

Source: Myaelatt Athan

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed