အာဏာသိမ်းစစ်ကောင်စီက စစ်သည်အင်အားလိုအပ်ချက် မြင့်မားနေတဲ့အတွက် လေတပ်မှ စစ်မတိုက်ဖူးတဲ့ စစ်သားတွေကို သင်တန်း ဟုဆိုပြီး လိမ်လည် ခေါ်ယူပြီး သင်တန်းမပို့ဘဲ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းက စတင်ပြီး လေတပ်အသီးသီးရှိ နောက်တန်းရုံးများမှာ အမျိုးသမီး စစ်သည်တွေနဲ့ အစားထိုးတာဝန်ပေးပြီးနောက် ပိုလျှံနေတဲ့ အမျိုးသာ: စစ်သည် တွေကို သင်တန်းတက်ရန်ဟုပြောဆိုကာ ခေါ်ယူသွားပြီး သင်တန်းမပို့ဘဲ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်တာတွေပြုလုပ်နေတာဖြစ်တယ်လို့ နေပြည်တော်လေတပ်ရှိ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“လေတပ်က ရုံးအထိုင်တွေမှာ အမျိုးသမီးစစ်သည်တွေ အစားထိုးပြီးတော့ အမျိုးသားစစ်သည်တွေကို သင်တန်း တက်ရမယ်ဆိုပြီး ခေါ်တယ်။ တတပ်ကို လူ ၂၀ အနည်းဆုံးခေါ်တာ။ ပြီးတော့ သင်တန်းမပို့ဘဲ ရှေ့တန်းကို ပို့လိုက်တာ။ ပြီးခဲ့တဲ့လက ကရင်ပြည်နယ်ကရှေ့တန်းမှာ လေတပ်ကလူတချို့တွေ ထိခိုက်ကျဆုံးတာတွေ ရှိတယ်”လို့ နေပြည်တော်လေတပ်မှ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလကစတင်ပြီး မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ နယ်မြေခံ PDF တပ်တွေ NUG အစိုးရရဲ့ PDF တပ်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကို အပြင်းအထန် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ လက်ရှိမှာ ကချင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ကရင်၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ဖြစ်ပွားနေတာပါ။

အထူးသဖြင့် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့် ဗိုလ်မှူး၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီးတွေအပါအဝင် စစ်သည်အများအပြား ထိခိုက်ကျဆုံးမှုတွေ များပြားနေသလို စစ်သည်အင်အားလိုအပ်ချက်လည်း မြင့်မားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “တပ်က အင်အားလိုနေတော့ လေတပ်ကလူတွေကို နောက်ထပ်တကြိမ် သင်တန်းဆိုပြီး လိမ်ခေါ်မှာ၊ ရှေ့တန်းပို့မှာတွေကို တော်တော်လေး စိုးရိမ်နေကြတယ်”လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်အတွင်းသို့ ဝင်ရောက်သူနည်းပါးနေတာကြောင့် စစ်သားစုဆောင်းသူတွေက အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်ငန်း အယောင် ဆောင်ပြီး အလုပ်တွေလိမ်ညာခေါ်ယူကာ စစ်တပ်အတွင်း သွတ်သွင်းမှုတွေပြုလုပ်တာ၊ ရာဇဝတ်မှုကျူးလွန်သူတွေကို တပ်ထဲဝင်လျှင် အပြစ်ကလွှတ်ပေးမယ်လို့ စည်းရုံးသွတ်သွင်းတာ၊ လမ်းဘေးမှာ နေထိုင်စားသောက်နေရတဲ့ လေလွင့်လူငယ်တွေကိုစည်းရုံးပြီး တပ်ထဲသို့ သွတ်သွင်းမှုလုပ်ဆောင်တာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

တပ်မတော် ဗိုလ်လောင်းသင်တန်းတွေမှာလည်း လျှောက်ထားသူနည်းပါးတာကြောင့် စစ်ကောင်စီက သင်တန်းလျှောက်လွှာပိတ်ရက်ကို ၂ ကြိမ်တိုင်တိုင် နောက်ဆုတ်ခဲ့ရသလို အရည်အချင်းသတ်မှတ်ချက်တချို့ကိုလည်း ဖြေလျှော့ထားတယ်လို့ သိရပါတယ်။

Source: Burma Mdia Consortium

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed