ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ဇန်နဝါရီ ၂၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်မှ စတင်ကာ ဆီဆိုင်မြို့ရှိ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO (ပြည်သူ့စစ်)နှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံပြည်သူများနှင့် ကရင်နီဘက်မှ စစ်ဘေးရှောင်လာသည့် ပြည်သူ တစ်သိန်းခန့် ထပ်မံစစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“မြို့တစ်ခုလုံးထိန်းချုပ်ပြီလို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့ သူရဲ့(PNO)ပြည်သူ့စစ်က လက်နက်ကြီးပစ်ခတ်တုန်းပဲ”ဟု PNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားရာဖြစ်သည့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ ဆီဆိုင်မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံပြည်သူလူထု ၏ နေအိမ် အများအပြားပျက်စီးခဲ့ကြောင်းလည်း သိရသည်။

“တိုက်ပွဲတော့မငြိမ်သေးဘူးဗျ၊ ဆိုက်‌ခေါင်ကနေ လက်နက်ကြီးတွေပစ်လာတယ်။ ဆိုက်ခေါင်က ဒေသခံတွေလည်း အကုန်ထွက်ပြေးကြတယ်။ ပြီးတော့ ဆိုက်ခေါင်ဘက်မှာ တိုက်ပွဲဆက်ဖြစ်မယ့်အလားအလာရှိနိုင်တယ်” ဟု ‌ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ဆီဆိုင်မြို့ရှိ ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့် ဌာနဆိုင်ရာများကို PNLA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်ကလည်း ဆီဆိုင်မြို့သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆီဆိုင်မြို့တိုက်ပွဲသည် ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မည်မဟုတ်ဘဲ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ကူးပြောင်းရပ်တည်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဇန်နဝါရီလ၂၇ ရက်က ထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed