September 2, 2023 || Tongsan Media Group ||

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။ မူး(မုန်း)မြို့နယ်အတွင်း ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ဩဂုတ် ၃၁ရက် နံနက် ၅နာရီတွင် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညနေ ၅နာရီခွဲတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သစ်ချဆိပ်စခန်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များဖြစ်သော ခလရ(၄၃၉)၊ ခလရ(၆၀)၊ ခမရ(၃၅၀) နှင့် ခမရ(၃၅၁) တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်များထံမှ ကွန်မန်ဒိုပြောင်း (၂)လက်၊ စက်လတ် (၁)လက် နှင့် လက်နက်ငယ် စုစုပေါင်း (၁၉)လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။ စခန်းသိမ်းတိုက်ပွဲ၌ KLNA ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

သစ်ချဆိပ်စခန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာ ပြည်သူလူထုများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခြင်း အနီးရှိဒေသခံပြည်သူလူထုများ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းနှင့် နေထိုင်ရာကျေးရွာများအတွင်းသို့ မကြာခဏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ပြည်သူလူထုများအား တံတိုင်းအကာအရံသဖွယ် ထားရှိပြီး စခန်းအားတည်ဆောက်ထားပြီး ပြည်သူလူထုများအား လက်နက်အားကိုးပြီး အနိုင်ကျင့်မှုများ ပြုလုပ်လျက်ရှိနေသောကြောင့် တိုက်ခိုက်သိမ်းပိုက်ရခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

စခန်းသိမ်းတိုက်ခိုက်မှုကို KNLA တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO)တပ်ရင်း (၃)တို့ပူးပေါင်းထားသော တပ်မဟာဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီတပ်များက စခန်းအတွင်း၌သာမက ပြည်သူလူထုများ၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံးများအတွင်းနေပြီး ပြန်လည်ခုခံခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ကညွတ်ကွင်းရှိ ခလရ(၄၃၉)မှ လက်နက်ကြီးများဖြင့်ပစ်ကူခြင်း ကျောက်ကြီး သံဘိုတွင်ရှိသော ခလရ(၆၀)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းအပြင် လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့၍ ခက်ခက်ခဲခဲတိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်းလည်း ထုတ်ပြန်သည်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed