ဖလမ်းမြို့ဟာ ဘယ်တုန်းကမှ ချင်းတောင်၊ ချင်းပြည်ရဲ့ မြို့တော် မဖြစ်ခဲ့ဖူးဘူး၊ ၁၉၆၅ မတိုင်မီ ချင်းပြည်မှာ မြို့တော်မရှိခဲ့ဘူး ဆိုတဲ့ ပြောကြားသံတွေ မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ဖလမ်းမြို့၊ မြို့တော် ဖြစ်ခဲ့ရတဲ့ သမိုင်း၊ ၁၉၆၅ မတိုင်မီ ဖလမ်းဟာ ချင်းပြည်ရဲ့ မြို့တော် ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားလေးတွေ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ပြောဆိုလာတာဟာ အခုမှ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ ဒေါက်တာလျန်မှုန်းဆာခေါင်း ရေးသားတဲ့ “In Search of Chin Identity” စာအုပ် စာမျက်နှာ၂၈ မှာ “ဗြိတိသျှတွေ ချင်းပြည်တက်လာတဲ့နောက်ပိုင်း ဟားခါးဟာ အရှေ့ချင်းပြည် (East Chin ram) ရဲ့ မြို့တော် ဖြစ်လာခဲ့တယ် [Since the arrival of the British, Hakha became the capital of Eastern Chin ram]” လို့ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်အပေါ် ဒေါက်တာဗုမ်ဆောန်းဆွာန်သာခ် (Dr. Vumson Suantak) ကနေ (delete this) ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပြီး ချင်းပြည်ရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးကို ဘယ်လိုပြောင်းရွှေ့ခဲ့ရတာလဲ ဆိုတဲ့ဆောင်းပါး နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ယနေ့ဟားခါးမြို့ ရှုခင်းသာမှာရှိတဲ့ ကျောက်တိုင်မှာလည်း ဟားခါးဟာ ၁၉၆၅ ကနေ မြို့တော်ဖြစ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီကြားထဲမှာလည်း နိုင်ငံရေးသမားတွေ အကြား ဒီဘိတ်လုပ်ကြတာတွေလည်း တွေ့ရတယ်။ သူတို့ ဒီဘိတ်လုပ်တဲ့အချက်တွေ ကျွန်တော်ကြည့်တဲ့အချိန်မှာ ဖလမ်းဘက်ကရေးတဲ့အချက်၊ ဒေါက်တာဗုန်ဆောန် ရေးတဲ့အချက်က တဖက် – ပူးလျန်အုပ်၊ ပူးငွန်သိုး နှင့် ဗိုလ်မှူးကြီးဗန်ကုလ်ရေးတဲ့ အချက်တွေကတဖက် ကိုးကားခဲ့ကြတာတွေ့ရတယ်။ သူတို့သုံးပြီးသွားတဲ့ အချက်အလက်တွေ ကျွန်တော် ပြန်လည်ကိုးကားမှာမဟုတ်ပါဘူး။

ကျွန်တော် သမိုင်းအချက်အလက်တွေကို တင်ပြတဲ့အချိန်မှာ ဖလမ်းပြင်ပဘက်က ရေးတဲ့အချက်တွေကိုဘဲ ကိုးကားသွားမှာ ဖြစ်ပါတယ်။ ဖလမ်းဘက်ကနေ ရေးတဲ့ဟာတွေ အမျးကြီးရှိပေမယ့် ဖလမ်းသားတယောက်အနေနဲ့ ဖလမ်းဘက်ကရေးတဲ့အချက်တွေ ကိုးကားလို့ရှိရင် သင့်တော်မယ်မထင်လို့ပါ။ နောက်ပြီး ဒေါက်တာဗုမ်ဆောန်း ရေးသားတဲ့အချက်လည်း လူအများသိပြီးသားဖြစ်တာမို့ ကျွန်တော်ပြောစရာ မလိုလောက်ဘူး လို့ထင်ပါတယ်။

ကျွန်တော်တို့ အဘိဓာန် ကို ကြည့်လို့ရှိရင် မြို့တော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ်နယ် (သို့မဟုတ်) ဒေသတစ်ခု၏ အုပ်ချုပ်ရေးအရ အဆင့်အမြင့်ဆုံးသော အစိုးရရုံးထားရှိသည့် မြို့ကို ဆိုလိုသည် လို့ဆိုပါတယ် (The city or town that functions as the seat of government and administrative center of a country or region)။ ဒါကြောင့် ကျွန်တော်တို့ ချင်းပြည်ရဲ့ မြို့တော်အကြောင်းပြောလို့ရှိရင် ချင်းပြည်ရဲ့ မြို့တော်ဟာ ချင်းပြည်ထဲကဘဲ ဖြစ်ရမှာ။

ချင်းပြည်ထဲမှာရှိတဲ့ အုပ်ချုပ်ရေးအရ အဆင့်အမြင့်ဆုံးသော အစိုးရရုံးထားရှိသည့် မြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ဟာ ချင်းပြည်ရဲ့ ပြင်ပမှာ ရှိတဲ့အတွက် ချင်းပြည်ရဲ့ မြို့တော် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အလားတူ ကလေးမြို့ဟာလည်း ချင်းပြည်နယ်နမိတ်ပြင်ပမှာ ရှိတဲ့အတွက် ချင်းပြည်ရဲ့ မြို့တော် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ။ သမိုင်းမှတ်တမ်းမှာလည်း မရှိခဲ့ပါ။ ချင်းပြည်ထဲမှာ ရှိတဲ့ အုပ်ချုပ်ရေး အဆင့်မြင့်ဆုံးရုံးစိုက်ရာ မြို့ကိုသာလျင် မြို့တော်လို့ သတ်မှတ်နိုင်ပါတယ်။

ဗြိတိသျှခေတ်

ဗြိတိသျှခေတ်မှာကတည်းက ချင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တယားအားလုံးကို ဖလမ်းကနေ အုပ်ချုပ်ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ချင်းပြည်ဟာ ချင်းတောင်တန်းခရိုင် (Chin Hills District) အဖြစ်တည်ရှိပြီး ချင်းပြည်ရဲ့ အဆင့်မြင့်ဆုံး အုပ်ချုပ်ရေးရုံးဖြစ်တဲ့ အရေးပိုင်မင်းရုံး (Deputy Commissioner Office) ဖလမ်းမှာ ရုံးစိုက်ခဲ့ပါတယ်။ ဒါကြောင့် ဗြိတိသျှခေတ်မှာ ဖလမ်းဟာ ချင်းပြည်ရဲ့ မြို့တော် ဖြစ်တယ်။ အဲဒီအချိန် ချင်းတောင်ခရိုင်ထဲမှာ တီးတိန်နယ်၊ ဖလမ်းနယ် နှင့် ဟားခါးနယ် (ယခုထန်တလန်နယ် နှင့် မတူပီနယ်အပါအ၀င်) တို့ပါ၀င်ပြီး ၁၉၂၈-၂၉ နှစ်မှာတော့ ယခု မင်းတပ်နှင့်ကန်ပက်လက်မြို့နယ်များအဖြစ် တည်ရှိသော ပခုုက္ကူတောင်တန်းဒေသ ကို ချင်းတောင်တန်းခရိုင်ထဲကို သတ်သွင်းခဲ့ကြတယ်။

ဗြိတိသျှခေတ်တုန်းက ချင်းတောင်တန်းခရိုင်အောက်မှာ ယနေ့ ပလက်၀မြို့နယ် (အဲဒီချိန်တုန်းက ရခိုင်တောင်တန်းဒေသ) ကလွဲပြီးတော့ အားလုံး ပါ၀င်ပါတယ်။ ဖလမ်းဟာ ချင်းတောင်တပ်ရင်း ရုံးစိုက်ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှခေတ် မှတ်တမ်းတွေမှာလည်း ဖလမ်းကို ချင်းတောင်ရဲ့ မြို့တော် (the Capital of Chin Hills) လို့ ရည်ညွှန်းထားတာတွေ့ရတယ်။ သမိုင်းမှတ်တမ်းတွေ ကြည့်ကြရအောင်။

(၁) Hugh Tinker ရေးသားတဲ့ Burma – The Struggle for Independence, 1944-48 ထဲမှာ ပါ၀င်တဲ့ မြေပုံထဲမှာ ဖလမ်းကို အုပ်ချုပ်ရေးမြို့တော် “Administrative Capital” လို့ ရေးသားထားပါတယ်။

(၂) အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာပြုဆရာ Rev. Robert G. Johnson ရေးသားတဲ့ History of the American Baptist Chin Mission ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖလမ်းကို မြို့တော်အဖြစ် အကြိမ်ကြိမ် ရည်ညွှန်းထားတာ တွေ့နိုင်ပါတယ်။ သာဓကတခုအနေဖြင့် … ၁၉၂၃ ခုနှစ်မှာ ဗြိတိသျှအစိုးရအနေနဲ့ ချင်းပြည်အတွင်းရှိ အစိုးရကျောင်းအားလုံးတွင် ဖလမ်း (လိုင်ဇိုး) ဘာသာဖြင့် သင်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

Rev. Robert G. Johnson အနေနဲ့ Rev. J. H. Cope ရဲ့မှတ်တမ်းတွေကို ကိုးကားပြီး ရေးသားထားတာဖြစ်တယ်။ အဲဒီချိန်တုန်းက ဖလမ်းဟာ ချင်းတောင်ရဲ့ မြို့တော်လည်းဖြစ်သလို၊ ဗြိတိသျှအစိုးရရဲ့ ရုံးစိုက်ရာ မြို့လည်း ဖြစ်တယ်လို့ သူရေးထားပါတယ်။ [ Falam was at that time the capital of the Chin Hills and the seat of British administration].

(၃) Brig Thenphunga Sailo, AVSM (Rtrd) ရဲ့ စာအုပ် A Soldier’s Story ဆိုတဲ့ စာအုပ်ထဲမှာ သူချင်းလေဗီး (Chin Levies) အတွက် ဖလမ်းမှာ တာ၀န်ကျတဲ့ အကြောင်းရေးသားတဲ့စာအုပ်မှာ ဖလမ်းကို ချင်းတောင်ရဲ့မြို့တော်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “ I was proceed to Falam, the Capital of Chin Hills, Burma and report to Colonel Haswell, the Commander of all Forces in the Chin Hills”.

(၄) ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ့ ချင်းပြည်နယ်အခြေခံပညာရေးသမိုင်း စာအုပ်ထဲမှာ “တော်လှန်ရေးအစိုးရ ကောင်စီအစိုးရက ဟားခါးမြို့အား ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ၏ မြို့တော်အဖြစ်သတ်မှတ်သည့် ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့သည် ခရိုင်မြို့တော်သာမက ပြည်နယ်၊ တိုင်းအဆင့်၌ ဌာနဆိုင်ရာရုံးစိုက်ရာ (ချင်းရေးရာ၀န်ကြီးမှအပ) ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်ခဲ့ပါသည် ဟုရေးသားထားပါတယ်။

(၅) Desmond Kelly ရေးတဲ့ Kelly’s Burma Campaign ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖလမ်းကို အုပ်ချုပ်ရေးမြို့တော် အဖြစ် ရည်ညွှန်းထားပါတယ်။ သူဟာ သူ့ဖခင် Lt.Col. Norman Kelly ဒုတိယကမ္ဘာစစ်တုန်းက ချင်းပြည်မြောက်ပိုင်းမှ ဂျပန်စစ်တပ်နဲ့ တိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ကိုးကားပြီး သူ့အဖေစစ်တိုက်ခဲ့တဲ့ အကြောင်းတွေကို ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်။ ဂျပန်စစ်တပ် ချင်းပြည်ထဲသို့ ထိုးဖောက်လာတဲ့အချိန်မှာ ဗြိတိသျှစစ်တပ် ဖလမ်းကို စွန့်ခွာဖို့ ပြင်ဆင်တဲ့အကြောင်းရေးသားရင်း ဖလမ်းဟာ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အကြောင်းကို “In Chin culture, Falam was the key from a military point of view and was also the administrative capital” လို့ ရေးသားထားပါတယ်။

တချို့က ရေးကြတယ်။ ဗြိတိသျှခေတ်တုန်းက ချင်းပြည်ဟာ ခရိုင်အဆင့်သာရှိပြီး မကွေး၀န်ရှင်တော်မင်းကြီးရုံးတော် (Magway Commissioner Office) ကတဆင့် အုပ်ချုပ်တယ်။ အရေးပိုင်မင်းရုံးသာစိုက်တဲ့အတွက် ဖလမ်းဟာ မြို့တော်မဖြစ်နိုင်ဘူးလို့ ရေးကြပါတယ်။ ဗြိတိသျှခေတ်မှာ ချင်းပြည်အတွင်း မြို့တော်မရှိသလိုလို၊ Deputy Commission ရုံးထက်အဆင့်မြင့်တဲ့ Commissioner ရုံးစိုက်ရာနေရာကိုသာလျင် မြို့တော်လို့ သတ်မှတ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ ရေးသားကြတယ်။ ပထမအချက်အနေနဲ့ ဒါဟာ သမိုင်းအချက်အလက်ပေါ် ကိုးကားပြီး ရေးသားထားတာမဟုတ်ဘဲ မိမိစိတ်ကြိုက် သုံးသပ်ချက်အပေါ် မူတည်ပြီး ရေးသားထားကြတာ ဖြစ်ပါတယ်။ ဗြိတိသျှခေတ်တုန်းက ရေးတဲ့ မှတ်တမ်းတွေမှာ ဖလမ်းကို ချင်းပြည်ရဲ့ မြို့တော် အဖြစ်သတ်မှတ်ကြတာ အပေါ်က ကျွန်တော်တင်ပြတဲ့ အချက်တွေဟာ သမိုင်းသက်သေတွေပါ။

၁၉၄၈ – ၁၉၆၅ ကာလ

မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ အချိန်မှာ ချင်းပြည်ဟာ ချင်း၀ိသေသတိုင်း (Chin Special Division) ဖြစ်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၅ ခုနှစ် ဟားခါးမြို့ကို ပြောင်းရွှေ့ခြင်းမပြုမီ အချိန်အထိ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့မြို့တော်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ သမိုင်းအထောက်အထားတွေကြည့်ကြရအောင်။

(၁) မြန်မာ့စွယ်စုံကျမ်း

“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူထုပညာပေးရေးအတွက် ရည်ရွယ်ကာ မြန်မာ့စွယ်စုံကျမ်းတွေကို ၁၅ တွဲနဲ့ ၁၉၅၄ ကနေ ၁၉၇၆ အတွင်း ပြည်ထောင်စုအစိုးရကနေ ဦးဆောင်ပြီး စာပေဗိမာန်ကနေ ထုတ်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကနေ ရံပုံငွေ (Funding) ပံ့ပိုးပေးပြီး ပြည်ထောင်စုအစိုးရမှ အတည်ပြုပြီး ထုတ်၀ေထားတာဖြစ်တယ်။ ၁၉၆၃ ခုနှစ်မှာ ထုတ်၀ေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ မှာ ဖလမ်းမြို့အကြောင်း ပါ၀င်ပြီး အခုလို ရေးသားထားပါတယ်။

ဖလမ်းမြို့။ ။ ချင်း၀ိသေသတိုင်း၊ မြောက်ပိုင်းချင်းတောင်ခရိုင်တွင်ပါ၀င်သည့် ဖလမ်းနယ်၏နယ်ပိုင် ရုံးစိုက်ရာမြို့ဖြစ်သည့်အပြင် ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်၍ တိုင်းမင်းကြီး ရုံးစိုက်ရာ၊ မြောက်ပိုင်းချင်းတောင်ခရိုင်၀န် ရုံးစိုက်ရာလည်း ဖြစ်သည်။ ဖလမ်းမြို့သည် ချင်း၀ိသေသတိုင်း၏ မြို့တော်ဖြစ်သည့်အလျောက် ထိုမြို့တွင် တိုင်းမင်းကြီး၊ ခရိုင်၀န်တို့အပြင် တိုင်းပညာ၀န်၊ ခရိုင်ဆရာ၀န်၊ သစ်တောခရိုင်၀န်၊ စိုက်ပျိုးရေးစသည့် ဌာနအကြီးအကဲများလည်း ရုံးစိုက်ကြသည်။ ဗြိတိသျှအစိုးရလက်ထက်ကပင် ပြည်မနှင့်လန်းပမ်းအဆက်အသွယ် ခက်ခဲသော်လည်း ခရိုင်၀န်ရုံး နယ်ပိုင်အိမ်၊ စစ်ဗိုလ်ကြီးသုံးဦးအိမ်၊ စစ်ဆေးရုံးစသည့် အဆောက်အအုံတို့ကို ခမ်းခမ်းနားနား ဆောက်လုပ်ထားခဲ့သည်။ ထို့ကြောင့် ဖလမ်းကို ရွှေနှင့်ဆောက်လုပ်သည်ဟု ပြောစမှတ်ပြုကြလေသည်။

ဒီစွယ်စုံကျမ်းအတွဲ ၇ ထုတ်၀ေသည့်အချိန် ၁၉၆၃ မှာ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့မြို့တော်ဟာ ဖလမ်းမြို့ ဖြစ်နေခဲ့ပါတယ်။ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးသည့် နောက်တနှစ်တွင် ထုတ်၀ေခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၃ တွင်ထုတ်၀ေသည့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃ မှာ ဟားခါးမြို့အကြောင်းကို အခုလို့ တွေ့ရပါတယ်။ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးသို့ ၁၉၆၅ ခုနှစ်မှာ ပြောင်းရွှေခဲ့တာဖြစ်တယ်။ မြို့တော်သစ်ဖြစ်လာတဲ့ အချက်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၃ မှာ အခုလို ဖော်ပြထားပါတယ်။

ဟားခါးမြို့။ ။ ချင်း၀ိသေသတိုင်း မြောက်ပိုင်းတွင် တည်ရှိသော ဟားခါးမြို့သည် ဟားခါးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ထို့ပြင်ချင်း၀ိသေသတိုင်း၏ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။ [နောက်ပြီးဟားခါးမြို့သမိုင်းအကြောင်းဆက်ရေးထားပြီးတော့ ချင်း၀ိသေသတိုင်း မြို့တော်ပြောင်းရွှေ့သည့်အကြောင်းကိုဆက်လက် ဖော်ပြထားသည်] ယခုအခါတွင်မူ ဆိုခဲ့သော အစိုးရ အဆောက်အအုံများအပြင် ဟားခါးမြို့သည် ချင်း၀ိသေသတိုင်း၏ မြို့တော်ဖြစ်လာသည်နှင့်အညီ အစိုးရဌာနပေါင်းစုံမှ တိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး အစရှိသော တိုင်းအဆင့်နှင့် မြို့နယ်အဆင့် ဦးစီးဌာနရုံးများ ကော်ပိုရေးရှင်းများကို၎င်း ဖွင့်လှစ်ထားပြီးသည့်ပြင် အစိုးရတန်းမြင့်ကျောင်း တကျောင်းလည်း ရှိသည် ဟုရေးသားထားပါသည်။

ဒီစွယ်စုံကျမ်းအတွဲ ၁၃ ထုတ်၀ေတဲ့နှစ်ဟာ ၁၉၇၃ နှစ်ဖြစ်ပြီး ချင်း၀ိသေသတိုင်းလို့ သုံးနှုန်းထားတာကို တွေ့ရတယ်။ ဒီစာတမ်းပြုစုတဲ့ အချိန်မှာ ချင်းပြည်ဟာ ချင်း၀ိသေသတိုင်းအဖြစ်တည်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်မှာမှ ချင်း၀ိသေသတိုင်းဟာ ချင်းပြည်နယ်ဖြစ်လာခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအသိမှတ်ပြု ထုတ်၀ေးထားပြီး ခိုင်လုံတဲ့ အထောက်အထားဖြစ်တယ်။ ဒီကျမ်းကြီးထဲမှာ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်း ရဲ့မြို့တော်ဖြစ်ခဲ့တာ ကို အတိအလင်းရေးသားထားပါတယ်။

(၂) ဟားခါးမြို့နယ်၊ ဆုရ်ခွားရှိ ပူးဗန်ကီးယိုး ပြတိုက်ထဲမှ ဓာတ်ပုံတပုံ
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်အထိ ဖလမ်းမြို့မှာ လွတ်လပ်ရေးနေ့ အောင်ပွဲသဘင် အခမ်းအနားနှင့် လူထုညီလာခံကြီး ကျင်းပခဲ့ကြတယ်။ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာစေတဲ့ လူထုညီလာခံကြီးလည်း ဖြစ်ပါတယ်။ ဒီညီလာခံမှာ ချင်းပြည်အနယ်နယ်အရပ်ရပ်မှ ကိုယ်စားလှယ်များလည်း မြို့တော်ဖလမ်းကို လူထုညီလာခံကြီးအတွက် တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုတက်ရောက်ကြရာမှာ အဲဒီအချိန်က ဟားခါးနယ် ကိုယ်စားလှယ်များလည်း တက်ရောက်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြတဲ့ ဓာတ်ပုံကို ယခု ဟားခါးမြို့နယ် ဆူရ်ခွာရွာရှိ ပူးဗန်ကီးယိုးပြတိုက်တွင် တွေ့မြင်နိုင်ပါတယ်။ ထိုဓာတ်ပုံကို “ချင်းအမျိုးသားနေ့” အဖြစ်သမိုင်းတွင်သော ဖလမ်းမြို့ ညီလာခံ မော်ကွန်းဓာတ်ပုံတစ်ကွက် (၁၉၄၈ ခု ဖေဖော်၀ါရီ ၂၀ ရက်နေ့) ဟုခေါင်းစဥ်တပ်ထားပြီး အောက်ပါစာသား ထည့်သွင်းဖော်ပြထားပါတယ်။

နယ်ချဲ့ကျူးကျော်ခုခံတိုက်ပွဲများ၊ နယ်ချဲ့ကိုလိုနီ တော်လှန်ရေး တိုက်ပွဲများ၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများစသည့် ချင်းတောင်လွတ်မြောက်ရေး စစ်ပွဲပြီးဆုံးပြီးနောက် ချင်းတောင်ဒေသ ရှေးဟောင်းမျိုးရိုးစဥ်လာ ဆက်ခံအုပ်ချုပ်သောစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းစေသည့် လူထုညီလာခံကြီးကို ချင်းမြို့တော် (The Capital of Chins) ဖလမ်းမြို့၌ တောင်ပိုင်းဒေသကိုယ်စားလှယ်ကိုယ်စား ၀မ္မသူးမောင်းတက်ရောက်၍ ကျင်းပခဲ့ရာ ၎င်းညီလာခံသို့ တက်ရောက်ကြသော ထိုစဥ်က ဟားခါးဆပ်ဒီဗီဆီဇံ (ယခုဟားခါးမြို့နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်) မှ လူမျိုးစုအကြီးအကဲ (Chiefs of tribal) များနှင့် မျိုးနွယ် (Chieftain) များ၊ ရွာသူကြီးများ၏ စုပေါင်းဓာတ်ပုံဖြစ်သည်။ ဒီဓာတ်ပုံဟာလည်း ဖလမ်းဟာ မြို့တော်ဖြစ်ကြောင်း သက်သေပြတဲ့ သမိုင်းသက်သေတခု ဖြစ်ပါတယ်။

(၃) ၁၉၅၈ ခုနှစ်မှာ ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်း (ယခု Chin Christian Institute of Theology) ကို ဟားခါးကနေ ဖလမ်းသို့ ပြောင်းရွှေ့ဖို့ စီစဥ်တဲ့အကြောင်း Rev. Robert Johnson က History of the American Baptist Chin Mission စာအုပ်ထဲမှာ အခုလို ရေးသားခဲ့ပါတယ်။ “ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်း (Zomi Baptist Bible School) ကို ဟားခါးကနေ ချင်း၀ိသေသတိုင်းမြို့တော် ဖလမ်းကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ အခြေအတင် ငြင်းခုံခဲ့ကြတာ ကျွန်တော် မှတ်မိသေးတယ်။ ယေဘူယအားဖြင့် ဟားခါးနှင့်တောင်ပိုင်း အဖွဲ့တွေက ဟားခါးမှာ ဆက်လက်ထားရှိဖို့ လိုလားကြတယ်။ ဒါပေမယ့် ဖလမ်းနဲ့တီးတိန်ဘက်က ဖလမ်းမှာ ပြောင်းရွှေ့ဖို့ လိုလားကြတယ်။ ဟားခါးတွေရဲ့ အကြောင်းပြချက်ကတော့ .. ဟားခါးဟာ ချင်းပြည်ရဲ့ အလယ်ခေါင်မှာ တည်ရှိတယ်။ ကျောင်းမှာ သင်ကြားပေးနိုင်တဲ့ နှစ်ခြင်းသာသနာပြုတွေ အခြေချတဲ့နေရာလည်းဖြစ်တယ်။ သာသနာပြုနယ်မြေလည်း အကျယ်ကြီးရှိတယ်။ ခရစ်ယာန်သူ၊သားတွေကနေ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးနိုင်မယ်။ ကျမ်းစာကျောင်းအတွက် နေရာလည်းကောင်းမွန်တယ်။

ဖလမ်းဘက်ရဲ့ အကြောင်းပြချက်ကတော့ .. ဒီလိုမျိုး အဆင့်မြင့် ကျမ်းစာကျောင်းဟာ ချင်းတောင်ရဲ့ မြို့တော် (the capital of the Chin Hills) မှာရှိသင့်တယ်။ ကျမ်းစာကျောင်းကိုလည်း ယခုဇိုမီးကွန်ဗင်းရှင်း ရုံးစိုက်ရာနေရာမှာဘဲ ထားရှိမှာြဖစ်ပြီး ဇိုမီးနှစ်ခြင်းအသင်းတော်ရဲ့ ခေါင်းဆောင်တွေကနေ အနီးကပ်ကြီးကြပ်လို့ရမယ်။ ချင်းပြည်အတွင်းရှိ ခရစ်ယာန်တွေအတွက် ဖလမ်းဟာ ပိုပြီးတော့ ဗဟိုကျပါတယ်။လမ်းပန်း ဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်တယ်။ ကလေးမြို့ရဲ့ လေဆိပ်နဲ့လည်း ပိုနီးတယ်။ ကျောင်းသူ၊ကျောင်းသားတွေလည်း အစိုးရအရာရှိတွေနဲ့ ပိုမိုလွယ်ကူစွာ ဆက်သွယ်လို့ရမယ်။ ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်းကို ၁၉၅၇ ခုနှစ်မှာ ကျင်းပတဲ့ ဇိုမီးနှစ်ခြင်းညီလာခံမှာ မြို့တော်ဖလမ်းမှာ ပြောင်းရွှေ့ဖို့ မဲခွဲဆုံးဖြတ်ခဲ့တယ်” Rev. Robert Johnson အနေဖြင့် ဒီအကြောင်းတွေဆွေနွေး ရေးသားတဲ့အချိန်မှာ ထိုအချိန် ချင်းတောင်ရဲ့ မြို့တော်ဟာ ဖလမ်းမြို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

(၄) ၁၉၆၄ ကနေ ဖလမ်းမှာ ခရိုင်၀န်အဖြစ်လည်းကောင်:၊ ခရိုင်လုံခြုံရေး နှင့် အုပ်ချုပ်မှုကောင်စီဥက္ကဌ အဖြစ်လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဦး၀မ်းတင် ကလည်း “ဖလမ်းမြို့ ၀ိသေသတိုင်းမြို့တော်” ဆိုတဲ့ ဆောင်းပါးထဲမှာ “ကျွန်တော်တာ၀န်ထမ်းဆောင်စက ဖလမ်းမြို့သည် ၀ိသေသတိုင်း၏ မြို့တော်၊ ထို့နောက်မှ အချက်အချာကျသော ဟားခါးမြို့သို့ ပြောင်းရွှေ့လိုက်ရသည်” လို့ရေးသားထားပါတယ်။

ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်းရဲ့ မြို့တော် ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တင်ပြတဲ့ အထက်က သမိုင်းတွေက သက်သေခံနေပါတယ်။ တချို့ကရေးကြတယ် .. ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ အတွင်း ချင်းရေးရာကောင်စီဟာ ရန်ကုန်မြို့မှာရှိတဲ့အတွက် ဖလမ်းမြို့ ဟာ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ဘူး။ တဖန် ချင်းဦးစီးရုံးသည်လည်း ၁၉၆၂ မှ ၁၉၆၅ အတွင်း ကလေးမြို့မှာ ရုံးစိုက်ခဲ့တဲ့အတွက် ဖလမ်းဟာ မြို့တော်မဖြစ်နိုင်ဘူးဆိုပြီး ချင်းပြည်ရဲ့မြို့တော်ကို ရန်ကုန် ပြီးမှ ကလေးမြို့ အဖြစ်သတ်မှတ်ကြတယ်။

ဒီလိုရေးသားချက်တွေဟာ သမိုင်းသက်သေပေါ်မှာ ကိုးကားပြီး ရေးသားထားတာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ကြိုက်သုံးသပ်ချက်အပေါ် ရေးသားထားတာတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်နမိတ် ပြင်ပမှာရှိတဲ့ Town သို့ City ဟာဘယ်လိုနည်းနဲ့မှ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ပါ။ ချင်းပြည်ရဲ့မြို့တော်အကြောင်း ပြောလို့ရှိရင် ချင်းပြည်ထဲမှာရှိတဲ့ မြို့ဘဲဖြစ်သင့်တယ်။ ဥပမာ .. ချင်းပြည်ထဲမှ အတိုးတက်ဆုံး မြို့ကို ရွေးပါလို့ ပြောပြီး ချင်းပြည်ရဲ့ အတိုးတက်ဆုံးမြို့ဟာ ရန်ကုန်မြို့ ဖြစ်ပါတယ် ဆိုတဲ့သုံးသပ်ချက်မျိုး မှန်ကန်မှု မရှိနိုင်ပါ။

ဒါကြောင့် ချင်းပြည်ပြင်ပမှာရှိတဲ့ ရန်ကုန်နဲ့ကလေးမြို့ဟာ ဘယ်လိုနည်းနဲ့မှ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ပါ။ ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းသက်သေ အထောက်အထားလည်း မရှိခဲ့ပါ။ သိန်းဖေမြင့်ရဲ့ ၀ိသေသတိုင်းသမိုင်းအစ ဆိုတဲ့ ခရီးသွားမှတ်တမ်းစာအုပ်ထဲမှာတော့ “ချင်း၀ိသေသတိုင်း၏ မြို့တော်ကို ကလေးမြို့မှဟားခါးသို့ ရွှေ့ရန် အပူတပြင်းစီစဥ်လျက်ရှိ၏” ဆိုပြီးရေးသားထားပါတယ်။ ချင်း၀ိသေသတိုင်း၏မြို့တော်မှာ ကလေးမြို့ ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းသက်သေ အထောက်အထားမရှိခဲ့ပါ။

ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ ချင်းပြည်နယ်အုပ်ချုပ်ရေးသမိုင်း (၁၈၉၆ – ၂၀၁၉) စာအုပ်ထဲမှာ ဖလမ်းမြို့ဟာ ၁၈၉၆ – ၁၉၄၈ အတွင်း ချင်းပြည်နယ်၏ ပထမဆုံးသော မြို့တော်ဖြစ်သည် လို့ ရေးသားထားပါတယ်။ ဒါပေမယ့် သူဟာ ၁၉၄၈-၆၂ အထိ ချင်းပြည်ရဲ့ မြို့တော်ကို ရန်ကုန် ၁၉၆၂-၆၅ အတွင်း ချင်းပြည်၏မြို့တော်ကို ကလေးမြို့အဖြစ် သတ်မှတ်ခဲ့တယ်။ သူဒီလို ရေးသားချက်အပေါ် ကျွန်တော် အတော်လည်း အံ့သြခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူအရင်ထုတ်၀ေတဲ့ “ချင်းပြည်နယ်အခြေခံပညာရေးသမိုင်း” စာအုပ်ထဲမှာတော့ “တော်လှန်ရေးကောင်စီအစိုးရက ဟားခါးမြို့အား ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ၏ မြို့တော်အဖြစ်သတ်မှတ်သည့် ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့သည် ခရိုင်မြို့တော်သာမက ပြည်နယ်, တိုင်းအဆင့်၌ ဌာနဆိုင်ရာရုံးစိုက်ရာ (ချင်းရေးရာ၀န်ကြီးမှအပ) ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်ခဲ့ပါသည် လို့ရေးထားပြီး ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ဖြစ်ကြောင်း အသိမှတ်ပြု ရေးသားခဲ့တယ်။ သူရေးတာ ရှေ့နဲ့နောက်မညီဘူး ဖြစ်နေတယ်။ ၁၉၆၅ မတိုင်မီ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ဟာ ဖလမ်းမြို့ ဖြစ်တဲ့အကြောင်း ကျွန်တော်တင်ပြတဲ့ အချက်များစွာထဲမှ မြန်မာ့စွယ်စုံကျမ်း သမိုင်းမှတ်တမ်း တခုနဲ့တင် သက်သေခိုင်လုံပါတယ်။

တကယ်တမ်းတော့ ချင်းပြည်ရဲ့ မြို့တော်ဟာ ဖလမ်းကနေ ဟားခါးကို ပြောင်းရွှေ့ဖို့ ၁၉၆၅ ခုနှစ်မှသာ ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါ။ ၁၉၅၈ ခုနှစ်မှာ မတ်လတွင်ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအ၀ေးမှာ ဦးရာလ်မှုန်မှ တိုင်းမင်းကြီးရုံးအား ဟားခါးသို့ ပြောင်းရွှေ့ရန် တင်ပြခဲ့ပေမယ့် ချင်းရေးရာ၀န်ကြီး ဦးဇာဟရဲလျန်ကနေ ပယ်ချခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဦးရာလ်မှုန် ချင်းရေးရာ၀န်ကြီးဖြစ်တဲ့အချိန်မှာ ဖလမ်းမြို့က တိုင်းမင်းကြီးရုံးကို ဟားခါးသို့ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး ဟားခါးမြို့ကို မြို့တော်အဖြစ် သတ်မှတ်တဲ့အမိန့်ထုတ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်နေ၀င်းမှ သူ့ကို ချင်းရေးရာ၀န်ကြီးမှ ထုတ်ပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ့ ချင်းပြည်နယ်အုပ်ချုပ်ရေးသမိုင်း (၁၈၉၆ -၂၀၁၉) စာအုပ်ထဲမှာ အခုလိုရေးသားခဲ့ပါတယ်။

“၁၉၅၈ ခုနှစ်တွင် ပါလီမာန်ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ ကျင်းပဦးဆောင်၍ အိမ့်စောင့်အစိုးရတက်လာပြီး ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၀န်ကြီးချုပ်ဖြစ်လာပါသည်။ ဦးရာလ်မှုန်သည်လည်း ရွေးကာက်ပွဲတွင် အနိုင်ရလာခဲ့ပါသဖြင့် ၁၉၅၉ မတ်လ ၅ ရက်နေ့မှ ချင်းရေးရာ၀န်ကြီး ဖြစ်လာခဲ့ပါသည်။ ထိုစဥ် [၁၉၅၉] က ချင်းမြို့တော်အတွက် အကြိမ်ကြိမ်ဆန္ဒပြင်းပြလာခဲ့သော ၀န်ကြီး ဦးရာလ်မှုန်သည် ၀န်ကြီးချုပ်နေ၀င်း၏ သဘောတူညီချက်ကို ဦးစွာရယူခြင်းမပြုဘဲ တိုင်းမင်းကြီးရုံးကို ဖလမ်းမှဟားခါးသို့ ပြောင်းရွှေ့ခိုင်းခြင်းအားဖြင့် ဟားခါးမြို့ကို ချင်း၀ိသေသတိုင်း မြို့တော်အဖြစ် သတ်မှတ်လိုက်ပါသည်။ ၀န်ကြီးချုပ်နေ၀င်းမှ စည်းကမ်းဖောက် ဖျက်သည်ဟု ပြစ်တင်ကာ ရာထူးမှ နုတ်ထွက်စာတင်ခိုင်းပါသော်လည်း မတင်လိုပါသဖြင့် ချင်းရေးရာ၀န်ကြီးရာထူးမှ ဖြုတ်ချခံရသည်အထိ ကိုယ်ကျိုးစွန့်ခဲ့ပါသည်” လို့ ဦးအိပ်ခ်ျလျန်တီာလ်က ရေးသားထားပါတယ်။

[ကျွန်တော့မှတ်ချက်။ ၁၉၅၈ မှာ ပါလီမာန်ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ မရှိခဲ့ပါ။ ၁၉၅၆ ရွေးကောက် ပွဲမှာ ဟားခါးမဲဆန္ဒနယ်မှ လူမျိုးစုလွှတ်တော်အမတ်အဖြစ် ဦးရာလ်မှုန် ရွေးကောက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဦးအိပ်ခ်ျလျန်တီာလ် ရေးသလို ဦးရာလ်မှုန်သည်လည်း ရွေးကာက်ပွဲတွင် အနိုင်ရတဲ့အတွက် ၀န်ကြီးချုပ်ဖြစ်ခဲ့တာ မဟုတ်ခဲ့ပါ။ ဖက်ဆစ်တော်လှန်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖ.ဆ.ပ.လ) နှစ်ခြမ်းကွဲခြင်းရဲ့ အကျိုး ဆက်ကြောင့် သူ ချင်းရေးရာ၀န်ကြီး ဖြစ်လာနိုင်တာဖြစ်တယ်။ ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖ.ဆ.ပ.လ ပါတီသည် ၀န်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သန့်ရှင်း ဖ.ဆ.ပ.လ နှင့် ဦးဗဆွေ, ဦးကျော်ငြိမ်းတို့ ဦးဆောင်သော တည်မြဲ ဖ.ဆ.ပ.လ ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည်။

၀န်ကြီးချုပ်ဦးနုသည်လည်း နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရထံသို့ အာဏာလွှဲခဲ့ရသည်။ လွတ်တော်ရဲ့ အတည်ပြုမှုနဲ့ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရဟာ ၁၉၅၈ အောက် တိုဘာမှ စတင်အသက်၀င်ခဲ့ပြီး အစိုးရပြန်လည် ဖွဲ့စည်းခဲ့သည်။ အိမ်စောင့်အစိုးရသည် ၆ လအတွင်း ရွေးကောက် ပွဲ ပြန်လည်လုပ်ဆောင်ရန်ဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်းသည် ချင်းရေးရာ၀န်ကြီးအတွက် ချင်းရေးရာကောင်စီမှ ရွေးကောက်ခံအမတ်များအတွင်း ဆုံးဖြတ် ရွေးချယ်စေခဲ့သည်။ ထို့ကြောင့် ချင်းအမတ်များအကြား မဲခွဲခဲ့ရတော့သည်။ ချင်းအမတ် ၁၄ ဦးထဲမှာ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်မှာ ရပ်တည်သူ ၇ ဦးရှိပြီး တည်မြဲ ဖ.ဆ.ပ.လ ဘက်မှာ ရပ်တည်သူ ၇ ဦးရှိသည့်အတွက် ချင်း၀န်ကြီးမရွေးချယ်နိုင်ခဲ့ကြပေ။

ထို့ကြောင့် တည်မြဲ ဖ.ဆ.ပ.လ ဘက်မှ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်တွင်ရပ်တည်ခဲ့သည့် ဖလမ်းမြို့နယ် အမျိုး သားလွှတ်တော်အမတ် ဦးထန်းလျန်အား တည်မြဲဘက်တွင် လာရောက်ပူးပေါင်းပါက ၀န်ကြီးချုပ်ရာထူးပေးမည်ဟု ကမ်းလှမ်းလာခဲ့ကြသည်ကို လက်ခံခဲ့ပြီး မဲရေတွက်မှာ တည်မြဲဘက်သို့ ၈-၆ ဖြစ်လာသည့်အတွက် တည်မြဲဘက်မှ ချင်းရေးရာကောင်စီ ဖွဲ့နိုင်ခဲ့ကြပြီး ဦးထန်းလျန်သည် ချင်း၀န်ကြီးဖြစ်လာခဲ့သည်။ ဦးထန်လျန်သည် သုံးလမျှသာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်နေ၀င်းက သူဖွဲ့ထားသည့် အိမ်စောင့်အစိုးရအား ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖျက်သိမ်းခဲ့ပြီး လွှတ်တော်သို့ အိမ်စောင့် အစိုးရ သက်တမ်းတိုးပေးရန် တောင်းဆိုခဲ့သည်။

လွှတ်တော်မှလည်း ဗိုလ်ချုပ်နေ၀င်း၏ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပြီး အိမ်စောင့်အစိုးရကဘဲ ဆက်လက်တာ၀န်ယူခဲ့သည်။ ဒီလိုနဲ့ဘဲ တစ်ဖန် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ တွင် အိမ်စောင့်အစိုးရအား တစ်ဖန် ပြန်လည် ဖွဲ့စည်းခဲ့ရသည်။ တစ်ပြိုင်တည်း ချင်းရေးရာကောင်စီလည်း ပြန်လည် ဖွဲ့စည်းရန်ဖြစ်ပြီး ချင်း၀န်ကြီးရွေးချယ်ဖို့ အလှည့် ကျရောက်ပြန်သည်။ ဒီတစ်ကြိမ်တွင်မူ သန့်ရှင်း ဖ.ဆ.ပ.လ ဦးဆောင်သူ ဦးဇာဟရဲလျန် မှ လက်ဦးမှုရယူပြီး ဟားခါးနယ် လူမျိုးစုလွှတ်တော်အမတ် ဦးရာလ်မှုန်းကို ၀န်ကြီးနေရာအတွက် ကမ်းလှမ်းခဲ့သည်။ ဦးရာလ်မှုန်းကလည်း လက်ခံခဲ့ပြီး သန့်ရှင်း ဖ.ဆ.ပ.လ သည် ၈ မဲ (တည်မြဲ ၆ မဲ) ရရွိကာ ကောင်စီပြန်လည်ဖွဲ့နိုင်ခဲ့ပြီး ဦးရာလ်မှုန်းသည် ချင်းရေးရာ၀န်ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။]

ဦးအိပ်ခ်ျလျန်တီာလ် ရေးသားတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် သူဟာ ချင်းပြည်အတွင်းရှိ အဆင့်မြင့်ဆုံးရုံး ဖြစ်သည့် တိုင်းမင်းကြီးရုံး ရုံးစိုက်ရာ ဖလမ်းမြို့ကိုတော့ မြို့တော်မသတ်မှတ် ခဲ့ပေ။ ဒါပေမယ့် တိုင်းမင်းကြီးရုံးပြောင်းပြီး ဟားခါးကိုတော့ မြို့တော်သတ်မှတ်လို့ရတဲ့ အဖြစ်မျိုးဖြစ်နေပါတယ်။ မည်သူ့ပင်ဆိုစေကာမူ ဖလမ်းမြို့သည် ချင်းပြည်ရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ အချက်ဟာ သမိုင်းက သက်သေခံနေပါတယ်။ ကျွန်တော်တင်ပြတဲ့ သမိုင်းအချက် အလက်တွေဟာ ဖလမ်းအသိုင်းအ၀ိုင်းပြင်ပက ပြုစုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်တာဗွမ်ဆောန် ရေးသားတဲ့ ချင်းပြည်ရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးကို ဘယ်လိုပြောင်းရွှေ့ခဲ့ရတာလဲ ဆိုတဲ့ဟာလည်း သူ In Search of Chin Identity စာအုပ်ကို ၀ေဖန်သုံးသပ်ထားတဲ့ စာအုပ် (Book Review of In Search of Chin Identity by Dr. Vumson Suantak) ထဲမှာ ဖတ်ရှုနိုင်ပါတယ်။

သမိုင်းသက်သေတွေကို ကြည့်ခြင်းအားဖြင့် ဖလမ်းမြို့ဟာ ၁၉၆၅ မတိုင်မီ ချင်းပြည်၊ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့ မြို့တော်ဖြစ်တယ်ဆိုတယ် သမိုင်းက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ အဖေ၊ အမေတွေရဲ့ ခေတ်မှာ ဖြစ်ပွားတဲ့ ဖြစ်စဥ်ဖြစ်တဲ့ အလျောက် သက်ရှိထင်ရှား မျက်မြင်သက်သေတွေ လူအများစုပါ။ စတုတ္ထတန်း ပထ၀ီဘာသာရပ်မှာတင် ချင်း၀ိသေသတိုင်းရဲ့မြို့တော်ဟာ ဖလမ်းမြို့ဆိုပြီး သင်ကြားခဲ့ကြသူတွေ သက်ရှိထင်ရှား ရှိနေတုန်းပါ။ ၁၉၇၃ နောက်ပိုင်းထုတ်တဲ့ ဖတ်စာအုပ်တွေမှာသာ ပြောင်းလဲခဲ့တာဖြစ်တယ်။

ဒါကြောင့် ဖလမ်းမြို့ဟာ ၁၉၆၅ ခုနှစ်မတိုင်မီ ချင်းပြည်ရဲ့ မြို့တော်ဖြစ်ပြီး ဟားခါးမြို့သည် ၁၉၆၅ နောက်ပိုင်း ချင်းပြည်ရဲ့ မြို့တော်ဖြစ်တယ်လို့ တဦးနှင့်တဦး၊ တဖက်နဲ့တဖက် သမိုင်းကို အပြန်အလှန် အသိမှတ်ပြုလေးစားကြရင်း ရှေ့ဆက်ကြပါစို့လို့ နိဂုံးချုပ်ပါရစေ။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed