ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတစ်ချို့ မြို့ကို စွန့်ခွာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တော်တော်များများကတော့ ကြောက်ကြလို့ ကြိုရှောင်ကုန်ကြတယ် နယ်ခံတွေရော အလုပ်လာလုပ်ကြတဲ့ သူတွေရော ရှောင်ကုန်ကြပြီ”လို့ ဒေသခံတစ်ဦးက မောင်းကို ပြောပါတယ်။

မိုးမိတ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ TNLA တပ်မဟာ (၃) စစ်ဒေသ၊ ဆင်ကင်ကျေးရွာက ကျန်ကန်တပ်စခန်းကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၅ ရက်နေ့က သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့လည်း ကျေးရွာတွေထဲကို ပစ်ခတ်နေတာ ဖြစ်ပါတယ်။

“ဒီနေ့လည်း လေယာဉ်သံတွေရော လက်နက်ကြီးသံတွေရောကြားနေရတယ် မြို့ပေါ်မှာဝဲနေတာ မန်ဖွယ်နဲ့ စဉ့်ကယ်ဘက်ကို ပစ်နေတာ တခါတခါဆို အိမ်တွေပါတုန်တုန်သွားတယ် “လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ မိုးမိတ်မြို့အတွင်း တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြရပေမယ့်လည်း တစ်ချို့သောဒေသခံတွေကတော့ ရှောင်တိမ်းဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

“ပြေးကြတာနဲ့ သူခိုးတွေက အကြိုက်ပဲလေ ကောလင်းလိုဖြစ်မှာတော့ ကြောက်ပေမယ့် သူခိုးရန်ကြောက်လို့ မပြေးနိုင်သေးဘူး”လို့ မိုးမိတ်ဒေသခံက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း စစ်တပ်က ဆင်ကင် (ကျန်ကန်)ကျေးရွာနဲ့ အထက်ညောင်ကုန်းကျေးရွာကို လက်နက်ကြီးနဲ့ ၃၄ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။ မိုးမိတ်မြို့မှာ ကျေးရွာ ၉၇ ရွာရှိပြီး လူဦးရေ ၆ သောင်းခွဲကျော်နေထိုင်တယ်လို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ လူဦးရေစာရင်းတွေအရ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed