September 10, 2023 || Tongsan Media Group ||

ပုလဲနယ်က တော်လှန်ရေးသမား ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး “ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – Burma National Revolutionary Army (BNRA)” ကို ဒီနေ့ စက်တင်ဘာ(၉)ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ကြောင်း BNRA က သတင်းထုတ်ပြန်ပါတယ်။

BNRA ဖွဲ့စည်း ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် MRDA ကို ဖျက်သိမ်းမှာဖြစ်တယ်လို့ MRDA ပြန်ကြားရေး တာဝန်ရှိသူက MFP ကို ပြောပါတယ်။ “MRDA က ဖျက်သိမ်းမှာပါ ခမျာ။ BNRA ဥက္ကဌ တာဝန်ကိုတော့ ဗိုလ်နဂါးကနေ တာဝန်ယူ ထားပါတယ်ခမျ”လို့ MRDA ပြန်ကြားရေးတာဝန်ရှိသူက MFP ကို ပြောပါတယ်။ BNRA မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်သတင်းထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA သည် မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA အပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေး အညာဒေသရှိ အဖွဲ့ကြီး၊ အဖွဲ့လတ်၊ အဖွဲ့ငယ်များကို အခြေပြု စနစ်တကျစုစည်း၍ တော်လှန်ရေးအရှိန်အဟုန် အားကောင်းစေရန်ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဝန်းရံအားဖြည့်သွားမည့် အင်အားစုတစ်ခု ဖြစ်သည်”လို့ BNRA ဖွဲ့စည်းကြောင်း သတင်းမီဒီယာတွေထံ ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

BNRA ကို အဓိကရည်ရွယ်ချက် လေးရပ်နဲ့ ဖွဲ့စည်းတာဖြစ်ပြီး တန်းတူးညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်ရေးနဲ့ အာဏာရှင်စနစ်ဟူသမျှ အပြီးသတ်ချုပ်ငြိမ်းဖို့ NUG အပါအဝင် မြေပြင်တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။

Source: Burma Media Consortium

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed