August 23, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက်လုယက်နေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဩဂုတ်(၂၀)ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး သုံးပွင့်နဲ့ဗိုလ်တယောက်အပါအဝင် စစ်အုပ်စု (၁၅)ယောက် သေကာ တပ်ကြပ်အဆင့် တယောက်ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ဩဂုတ်(၂၀)ရက် နေ့လည်ပိုင်းက စစ်အုပ်စုအင်အား (၆၀)ကျော် ထီးချိုင့်မြို့ပေါ်ကနေ ကွင်းကြီးကျေးရွာဘက် ဝင်မွှေလုယက်ချိန် ဒေသကာကွယ်ရေးတပ်တွေက တောင်ကုန်းပေါ်ကနေ အသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု အထိနာအသေများတာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သုံးပွင့်ဗိုလ်ကြီးအဆင့် တယောက် အပါအဝင် (၁၅)ယောက်လောက် သေသလို ဒဏ်ရာရသူတွေလည်းရှိပြီး တပ်ကြပ်အဆင့် တယောက်ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ ဒါ့အပြင် လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ မြေပြင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “တော်လှန်းရေး အင်အားစုတွေဘက်က ထိခိုက်မှု ကြီးကြီးမားမား မရှိဘူး။ စစ်ကောင်စီဘက်ကတော့ အနည်းဆုံး (၁၅)ထက်မနည်း ကျတယ်လို့ပြောတယ်။ လက်နက်နဲ့ ခြင်းကျားတွေ သိမ်းဆည်းရမိတယ်လို့ သိထားရတယ်”လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာအသေများနေတဲ့ စစ်အုပ်စုက တိုက်ပွဲဖြစ်ပွါးရာနေရာအနီးက ကွင်းကြီးကျေးရွာနဲ့ ဇီးကုန်းကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်တာကြောင့် တောတောင်ထဲ အစားအသောက်အတွက် မျှစ်ချိုးနေတဲ့ ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကျောက်မှော်ရွာကို စီးနင်းဝင်မွှေလုယက်ပြီး ရွာခံပြည်သူ အမျိုးသားလေးဦးကို ဖမ်းခေါ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့် တိုက်ပွဲနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က “အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြေပြင်တွင်အကျည်းတန်စွာ ရှုံးနှိမ့်နေသဖြင့် ယနေ့ ဩဂုတ်(၂၀)ရက် နေ့လည်(၃)နာရီ (၂၀)မိနစ်တွင် တစ်ကြိမ်၊ နေ့လည် (၃)နာရီ (၄၀)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ ရုရှားလုပ် Sukhoi Su-30 (တိုက်လေယာဉ်) ယာဉ်များဖြင့် ကွင်းကြီးရွာနှင့် ဇီးကုန်ရွာ တဝိုက် မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့တချို့ လှုပ်ရှားနေသော နေရာအနီးအား ပစ်ခတ်ခဲ့သဖြင့် မှိုရှာမျှစ်ချိုးနေသော အပြစ်မဲ့အမျိုးသမီး ပြည်သူတဦးနှင့် ကလေးတဦး သေဆုံးခဲ့ကြောင်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားသိရသဖြင့် စိတ်မကောင်း ဖြစ်မိပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပြီးချိန် စစ်အုပ်စုက ဒေသခံပြည်သူတွေကို အကြမ်းဖက်ရန်ပြု သောင်းကျန်းနေလို့ ထီးချိုင့်နယ် ဇီးကုန်း ပေါက်ကုန်း ကွင်းကြီး ဆတ်သေချောင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်အုပ်စုဟာ ထီးချိုင့်နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Source: Mandalay Free Press

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed