ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စကခမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းကို အလုံးစုံဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့ ညပိုင်း၌ သတင်းထုတ်ပြန်ပြီးမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု အသိပေးသည်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာ ၁၇ရက်ကစတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၉ရက် မနက်အစော ၁နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ထိုးစစ် ၁လတာအတွင်း နမ့်ခမ်း စခန်းသစ်ကုန်းစခန်း၊ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။

နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းသည် အင်အား (၉၀၀)နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၂၄၆၊ ၂၄၅ နှင့် ဒကစ တို့မှ လာရောက်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းများ ဖြစ်ကြောင်း ဖော်ပြသည်။ နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဝင် စုစုပေါင်း (၃) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများဖော်ပြအသိပေးသည်။ နမ့်ခမ်းမြို့ စခန်းသစ်စခန်းသိမ်းပိုက်ရရှိရေး ဆောင်ရွက်ရာ တစ်လကြာ တိုက်ပွဲ ကာလအတွင်း TNLA စစ်သည်တော် ၄၉ ဦးကျဆုံးကာ ၁၄၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၁၃ဦး အသက်ဆုံးရှုံးရဟု အသိပေး ကြောင်း ထုတ်ပြန်သည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဉ်တွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၂၆၀)ကြိမ် ၊ Y8 လေယာဥ်ဖြင့် (၃၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၄၀)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 ဖြင့် (၂၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၁၂)ကြိမ်နှင့် အဆိပ်ငွေ့ဗုံး (၆)လုံး အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မန်တပ်စခန်းမှ ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၉၅)ကြိမ် နှင့် နမ့်ဖတ်ကာ တပ်စခန်းမှ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၃၀၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်မှ ATR-42/72 လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခါ များ (၁၅)ကြိမ် စခန်းသစ်ကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နေ့တွင်လည်း စစ်ကူအင်အား ၁၀၀နီးပါးကို ထောက်ပို့ယာဉ် Mi17 ဖြင့် (၃)ကြိမ် ဖြည့်တင်းခဲ့သည်ဟုဖော်ပြသည်။

ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် (၇၀)လုံး လက်နက်ကြီးနှင့် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးပြီး လူနေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးသည်။ TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်းနမ့်ခမ်းနှင့်နမ့်ဆန်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed