September 10, 2023 || Tongsan Media Group ||

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဒေသအနီး အောင်ဂျာကျေးရွာ၌ ယနေ့နံနက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွား လျက်ရှိရာ စက်တင်ဘာ ၉ရက် နံနက် ၈နာရီတွင်လည်း အောင်ဂျာရွာအနီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။

“နမ့်ဆန်ယန်နားရှိ အောင်ဂျာရွာမှာ မနက် ၈နာရီကစ တိုက်ပွဲပြင်းထန်တယ်။ အောင်ဂျာရှိ စစ်ကောင်စီတပ်မှ ထွက်လာသော စစ်ကောင်စီတပ်အင်အား ၃၀ကို KIA တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာကြောင့် စကစ ဘက်က ၂၇ယောက်သေသွားတယ်။ သုံးယောက်ထွက်ပြေးလွတ်မြောက်သွားတယ်။ ၂၇ယောက်အလောင်းတွေ ပုံနေတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့သို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်ကလည်း ရိက္ခာသယ်ယာဉ်တန်းများ ထွက်ခွာရန်ပြင်ဆင်နေပြီး အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများက ယနေ့ နံနက်တွင်လက်နက်ကြီးများ ပစ်ခတ်နေကြောင်းဒေသခံ သတင်းရင်းမြစ်များအား ကိုးကားပြီး ကချင်သတင်းဌာန KNG က ယနေ့ဖော်ပြထားသည်။

နမ့်ဆန်ယန်ဒေသတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကို KIAက ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ယာဉ်တန်းများ၊ စစ်ကြောင်းများကို ပိတ်ဆို့တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှု မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed