August 12, 2023 || Tongsan Media Group ||

မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်အထိ နိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၁.၉ သန်းနီးပါးရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဩဂုတ်လ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးသွားကြသူတွေလို့ UNOCHA က ဆိုပါတယ်။ လက်ရှိဖြစ်နေဆဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေဆဲဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ပိုများလာတယ်လို့လည်း ပါရှိပါတယ်။ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။

မုတ်သုန်မိုးကြီးပြီး ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံတာနဲ့မြေပြိုတာတွေကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ လိုအပ်ချက်တွေ များနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed