မကွေးတိုင်း နှင့် ချင်းပြည်နယ်အစပ်၊ ဂန့်ဂေါ-ဟားခါးကားလမ်းမကြီးပေါ်ရှိချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ နီးပါး တပ်စွဲထားသည့် ဘုံးဇုံရွာစစ်ကောင်စီစခန်းကို CNA ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်၊ ညနေပိုင်းတွင်စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားအများအပြား အရှင်ဖမ်းမိထားကြောင်း ချင်းကာကွယ်ရေးတပ် (ဟားခါး)၏ အရာရှိတစ်ဦးက ပြောသည်။

ဘုံဇုံးရဲကင်းစခန်းတိုက်ပွဲတွင် CDF ရဲဘော် Salai Van Tha Ceu နဲ့ Salai Van Dam တို့ နှစ်ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးပြီး ရဲဘော် ၈ ဦးလောက်က ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါအဝင် ၆ဦး အရှင်ဖမ်းမိပြီး ၊ ၇ဦးသေသွားတာတွေလည်းရှိတယ်လို့ သိရပါသည်။

ဘုံးဇုံရွာသည် စစ်ရေးအရအရေးပါသော ရွာကြီးတစ်ရွာဖြစ်သောကြောင့် စစ်ကောင်စီက အင်အား ၁၀၀ နီးပါးဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါစခန်းအား သိမ်းပိုက်နိုင်မှုသည် ဟားခါးမြို့သိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်ရန်အတွက် နယ်မြေအခြေအနေနှင့် ဗျူဟာအရ များစွာအထောက်အကူဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

” ဘုံဇုံးစစ်ကောင်စီတပ်စခန်းဟာ ချင်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အဓိကအသုံးပြုသည့် ဟားခါး-ဂန့်ဂေါ်ကားလမ်းမပေါ်တွင်တည်ရှိပါတယ်။ ကလေးမြို့ ဘက်က ကုန်ကားတွေ၊ ခရီးသည်ယာဥ်တွေလည်း ဂန့်ဂေါ-ဟားခါးလမ်းကနေပဲ သွားကြတော့ အဲ့ဒီစခန်းက အတော်အရေးပါတယ်။ ကုန်ကားတွေ၊ ခရီးသည်တွေဆိုရင် သူတို့တောင်းသလောက်ကို ပေးနေရတာ” ဟု ဂန့်ဂေါမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ဘုံးဇုံစခန်းသိမ်းတိုက်ပွဲကို CDF(ဟားခါး)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF(KKG)နှင့် CDF(ထန်တလန်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလဆန်းပိုင်းက ဘုံဇုံးကျေးရွာလူနေအိမ်နှစ်လုံးကို စစ်ကောင်စီဘက်က မီးရှို့ပြီး ယခုတိုက်ပွဲတွင် စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့စစ်ကူပေးနေခဲ့ပြီး ၁၂နာရီ ဝန်းကျင်မှာ ပြန်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed