August 26, 2023 || Tongsan Media Group ||

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး မဒီးယန်တွင် ယနေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်းတွင် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၂၆ရက် နံနက် ၉နာရီခန့်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ KIAက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များကာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယနေ့ ညနေ ၄နာရီခန့်မှစ၍ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ညနေ ၄နာရီ ၁၁နဲ့ ၁၆မှာဗုံးလာကြဲတယ်။ မြစ်ကြီးနားက လာတာ။ သူတို့ တော်တော် အထိနာသွားလို့ ဖြစ်မယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့နောက် ညနေ ၄နာရီ၂၀ မိနစ်နှင့် ၂၅ မိနစ်တွင်လည်း မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ် နှစ်စီးဖြင့် ထပ်မံ လာရောက် ဗုံးကြဲခဲ့သည်ဟု ၎င်းကဆိုသည်။ “ငါတို့ဘက်က ထိခိုက်မှုမရှိပါ။ စကစတပ်ဘက် အထိနာများတယ်။ တပ်ရင်းမှူး ထိတယ်လို့ ကြားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဒေသကို စစ်ကောင်စီက ဇူလိုင်လဆန်းမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မဒီးယန် အပါအဝင် မြစ်ကြီးနား- ဗန်းမော်လမ်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အဆိုပါဒေသများ၌ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ခေတ္တ ပြန်ငြိမ်းသွားပြီး ယနေ့တွင် စစ်ကောင်စီက မဒီးယန်ကို ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နမ့်ဆန်ယန်နှင့် ဆက်စပ်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာ၍ လက်နက်ကြီး ပစ်ကူများအပြင် လေကြောင်း တိုက်ခိုက်မှုများ ယခင်ကလည်း ပြုလုပ်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed