September 3, 2023 || Tongsan Media Group ||

ရုရှားသည် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းအရပ်များမှ Shahed – 136/131 ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းလေတပ်က Telegram တွင် ရေးသားဖော်ပြခဲ့သည်။ စုစုပေါင်း အီရန်လုပ် Shahed တိုက် ခိုက်ရေးဒရုန်း ၂၅ စင်းကို လွှတ်တင်ခဲ့ခြင်းဖြစ် ပြီး ၎င်းတို့အနက်၂၂ စင်းသည် ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် လေတပ်၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်ဟု ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

ဇူလိုင်လက ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးခဲ့သည့် ယူကရိန်း၏ နှံစားသီးနှံများကို ပင်လယ်နက်မှ သင်္ဘောများဖြင့် ဘေးကင်း လုံခြုံစွာ တင်ပို့ခွင့် သဘောတူညီချက် ကျိုးပျက်ခဲ့ပြီးနောက်ပိုင်း ရုရှားသည် ယူကရိန်း၏ နှံစားသီးနှံများ တင်ပိို့ရေးအတွက် အဓိကကျသည့် ဆိပ်ကမ်းများနှင့် အခြေခံအဆောက်အအုံများတည်ရှိသည့် အိုဒက်ဆာဒေသနှင့် မိုင်ကိုလေ့ဗ်ဒေသများကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်လက ရုရှား၏ ပိတ်ဆို့မှုကို ဖီဆန်မှုတစ်ခုအနေနှင့် ယူကရိန်း၏ ပင်လယ်နက်မှထွက်ခွာခဲ့သည့် ပထမဆုံး အရပ်ဘက် ကုန်တင်သင်္ဘောတစ်စင်းသည် တူရကီ၏ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကလည်း နောက်ထပ် သင်္ဘော နှစ်စင်းသည် ယူကရိန်း၏ ယာယီ ပင်လယ်နက် နှံစားသီးနှံတင်ပို့ရေး စင်္ကြံမှဖြတ်သန်းခဲ့သည်ဟု စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ရုရှားသည် ယူကရိန်း၏ ကိယက်ဗ်မြို့တော်ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

သြဂုတ် ၃၀ ရက် နံနက်အစောပိုင်းက ကိယက်ဗ်မြို့တော်တွင် ရုရှား ၏ ဒုံးကျည်များနှင့် ဒရုန်းအစင်း ၂၀ ကျော်ကို လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့သည်ဟု ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးအဖွဲ့ က Telegram တွင်ရေးသားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် နွေဦးရာသီနောက်ပိုင်း ကိယက်ဗ်တွင် အင်အားအပြင်းဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အပျက်အစီးများ ပျက်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု ကိယက်ဗ် မြို့ စစ်အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲ ဆာဂျီ ပေါ့ပ်ကိုက Telegram တွင် ရေးသားခဲ့သည်။ နောက်ထပ် လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသည်ဟု ၎င်းကပြောသည်။ ရုရှားတပ်ဖွဲ့များသည် တစ်ချိန်တည်းမှာပင် အီရန်လုပ် Shahed ဒရုန်းများဖြင့် မြို့တော်၏ တည်နေရာအများအပြားကို ဝင်ရောက်ခဲ့ပြီး လေယာဉ်များပေါ်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကိယက်ဗ် စစ်အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ပင်လယ်နက်တွင် ယူကရိန်းအထူးတပ်ဖွဲ့များ လိုက်ပါလာသည့် မြန်နှုန်းမြင့် သင်္ဘောလေးစင်းကို သြဂုတ် ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါသင်္ဘောများပေါ်တွင် ယူကရိန်း၏ အထူးတပ်ဖွဲ့ဝင် ၅၀ ခန့်လိုက်ပါလာခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ပြောကြားခဲ့သည်။ သို့သော် ပင်လယ်နက်၏ မည်သည့်နေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ် မထုတ်ပြန်ခဲ့ပေ။

Source: APF News

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed