ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ကတည်းက ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်လျက်ရှိနေရာ ယနေ့ (ဇန်နဝါရီ ၁၇) တွင်လည်း လေကြောင်းနှင့် စစ်တွေအခြေစိုက်တပ်များမှ အတွဲလိုက်ဒုံးကျည်များဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၃၇၉) ၊ (၃၈၀) နှင့် (၅၄၁) တို့ အခြေစိုက်ရာ ဇန်နဝါရီ ၁၀ ရက်မှ စတင်၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်များဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းကို အပြင်းအထန်ဖြစ်နေတာ။ စစ်တပ်ရဲ့ စခန်း ၃ ခု လောက်ကို ဝင်တိုက်နေတာလို့ သိထားရပါတယ်။ အဲ့ဒါကြောင့် စစ်တပ်ဘက်က နေဗီ (ရေတပ်) ရော၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲနေတာ၊ တစ်ရက်ကို ၉ ကြိမ် ၁၀ ကြိမ်လောက် ရှိတယ်” ဟု ကပ်လျက်မြို့နယ်ဖြစ်သော ပေါက်တောမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြင်းထန်နေသော မင်းပြားမြို့တိုက်ပွဲများ ယမန်နေ့က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရခိုင်ဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။ “မနေ့ကတော့ အတွဲလိုက်ဒုံးကျည်တွေနဲ့လည်း ပစ်တယ်လို့ သိရပါတယ်။ မင်းပြားက တိုက်ပွဲအတော် ပြင်းထန်နေတာပါ။ စစ်တပ်ဘက်ကလည်း ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲနေတာ” ဟု သူက ဆိုသည်။

စစ်တွေမြို့ဘက်မှ မင်းပြားဘက်သို့ စစ်ကူလာသည်ဟု ယူဆရသော ရေတပ်သင်္ဘောတစ်စီးကို ယမန်နေ့တွင် ပေါက်တောမြို့အနီး AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ၁၅ မိနစ်ခန့်ကြာအောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း အထက်ပါ ပေါက်တောမြို့ခံအမျိုးသားက ပြောသည်။ မင်းပြားအခြေစိုက် တပ်ရင်း ၃ ခုအနက် ခမရ ၃၈၀ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန် ခမရ တပ်ရင်းနှစ်ခုကို AA က ဆက် လက်ထိုးစစ်ဆင်နေကြောင်း ဒေသသတင်းများ ဖော်ပြနေသည့် ရခိုင်သတင်းဌာနများတွင် ဖော်ပြထားကြသည်။

မင်းပြားမြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်ထားပြီးနောက် စစ်တပ် ခမရ တပ်စခန်းများကို ထိုးစစ်ဆင်နေရာ လေကြောင်းဖြင့် တိုက်ခိုက်ရေး၊ ထောက်ပို့လေယာဉ်များဖြင့်ပါ အပြင်းအထန်ဗုံးကြဲနေသည်ဟု ဒေသခံများက ပြောကြသည်။ မြို့ပေါ်နှင့် မြိုနယ်တွင်းကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေ၍ ဇန်နဝါရီ ၁၀ ရက်ကတည်း က ဒေသခံအများအပြား တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင်း မြို့နယ်အများအပြားတွင် ဖုန်းဆက်သွယ်ရေးများ ဖြတ်တောက်ထားသည့် အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသခံအများအပြားနှင့် ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။ အလားတူ ရသေ့တောင်မြို့နယ်ရှိ ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာ‌ စသည့် ကျေးရွာများကို လေကြောင်းမှ အပြင်းအထန် လာရောက်ဗုံးကြဲခဲ့ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းကလည်း မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာအနီးရှိ လယ်ကွင်းများထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇန်နဝါရီ ၁၅ ရက်က မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာကို လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမျိုးသားနှစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ နေ့စဉ် ဖြစ်ပေါ်နေသည်။

AA သိမ်းထားသော ပလက်ဝမြို့အခြေအနေ

ကုလားတန်မြစ်အထက်ပိုင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဇန်နဝါရီ ၁၀ ရက်တွင် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ကို ထိန်းချုပ်ထားရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုများ ရှိနေသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၆) ကလည်း ကျီးလေးကျေးရွာအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့က ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်အတွင်း ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ဒေသခံများ၏ အခြေအနေများကို စုံစမ်းမေးမြန်းနိုင်ခြင်းမရှိသေးကြောင်း ပလက်ဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“(ကျီးလေးရွာ) ထိခိုက်သေဆုံးမှုရှိတယ်ဆိုကတော့ ဟုတ်ပါတယ်။ လူဘယ်နှဦး ထိခိုက်သေဆုံးတယ်ဆိုတာကတော့ ကျွန်တော်တို့ ဒေသခံတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် အတိအကျပြောဖို့ ခက်ပါတယ်” ဟု ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် ဆလိုင်းမျိုးထိုက်က ပြောသည်။ လက်ရှိတွင် အနီးရှိ ဆမီးမြို့အပါအဝင် ပလက်ဝမြို့ပေါ်နေ ပြည်သူလူထုမှာလည်း မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“အခုအချိန်မှာကတော့ စစ်ရေးစစ်ရာကိစ္စတွေရော၊ ဗုံးကြဲခံရတာမျိုးကို စိုးရိမ်ကြတာရောကြောင့် မြို့ထဲဝင်တဲ့သူက အတော့်ကို နည်းဦးမှာပါ” ဟု ဆလိုင်းမျိုးထိုက်က ဆိုသည်။ လက်ရှိတွင် ပလက်ဝတစ်မြို့နယ်လုံးတွင် စစ်ရှောင်နေရသည့် ပြည်သူ သုံးသောင်းကျော်ခန့်အထိ ရှိနေပြီး၊ ယင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed