ရခိုင်ပြည်၊ မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့၊ မနက် ၉ နာရီ အချိန်မှာ ရက္ခိုင့်တပ်တော် (AA) ထံ အလင်းဝင်ရောက်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲ ပြင်းထန်နေတဲ့ မင်းပြားမြို့မှာ မနေ့က စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့် အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ယနေ့ မနက်ပိုင်းမှာ တပ်ရင်းအချို့ကို ရက္ခိုင့်တပ်တော်(AA)တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများပြား အလင်းဝင်ရောက်လာကြတယ်လို့ မင်းပြားဒေသခံ တစ်ဦးက ဆိုပါတယ်။

“အလင်းဝင်ရောက်ကြတာ ဟုတ်ပါတယ်။ မိသားစုလိုက် အလင်းဝင်ကြတာဖြစ်ပြီး သူတို့ကို AA က ကားတွေနဲ့ ခေါ်သွားကြတယ်။ ကားနဲ့ ခေါ်တဲ့ထဲမှာ အမျိုးသမီး၊ ကလေးတွေလည်း ပါတယ်။ ဒီမနက် မင်းပြားက ခမရ ၃၇၉၊ ခမရ ၅၄၁ တပ်ရင်းကိုလည်း သိမ်းပြီလို့ ကြားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလင်းဝင်လာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ၎င်းတို့ မိသားစုဝင်တွေနဲ့ အလင်းဝင်ရောက်ကြတာဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ပထမအကြိမ် ကား ၂ စီးနဲ့ ဒုတိယ အကြိမ် ကား ၁ စီး စုစုပေါင်း ကား ၃ စီး ဖြင့် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မင်းပြားမြို့မှာ စစ်ကောင်စီ တိုင်းဗဟို ၉ လေ့ကျင့်ရေး သင်တန်းကျောင်းတည်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းကို AA တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ရင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး တပ်ရင်းအချို့ သိမ်းပိုက်ရရှိထားပြီဟု ဆိုပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed