ဇန်နဝါရီ ၁၄ ရက်နေ့က အဇောဗ်ပင်လယ်ပြင်မှာ ပစ်ခတ်ခံခဲ့ရတဲ့ ရုရှားလေကြောင်းစစ်ဆင်ရေး အမိန့်ပေးလေယာဥ် IL-22M ရဲ့ တပ်မှူး ဗစ်တာ ကလီမောဗ် သေဆုံးသွားပြီလို့ ရုရှား လေတပ်လူမှုကွန်ယက်သတင်းတွေက ဖော်ပြသလို သက်ဆိုင်ရာမိသားစုတွေကလည်း လူမှုကွန်ယက်မှာ နာရေးသတင်းအဖြစ် ဖော်ပြထားပါတယ်။ တပ်မှူး ကလီမောဗ်နဲ့အတူ စစ်ဆင်ရေးအမိန့်ပေးတပ်ဖွဲ့ဝင်၂ ဦးသေဆုံးခဲ့ ရကြောင်းလည်း လေတပ်လူမှုကွန်ယက် သတင်းတွေက ဖော်ပြပါတယ်။

အဇောဗ်ပင်လယ်ပြင်ကနေ ရုရှားနိုင်ငံ အနာပါ လေဆိပ်ထိ အရေးပေါ်ပျံသန်းဆင်းသက်နိုင်ခဲ့ပေမဲ့ တပ်မှူး ကလီမောဗ်ဟာ လေယာဥ်ပေါ်မှာ ကျည်စထိမှန်တဲ့ ဒဏ်ရာနဲ့ လေယာဥ်ကွင်းမရောက်ခင်မှာပဲ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ တခြားတပ်ဖွဲ့ဝင်၂ ဦးကတော့ လေယာဥ်ကွင်းကို ဆင်းသက်နိုင်ခဲ့ပြီးမှ ဆေးရုံမှာသေဆုံးခဲ့ကြရတာလို့ ရုရှားလေတပ် လူမှုကွန်ယက် သတင်းက ဖော်ပြပါတယ်။ လေယာဥ်ပေါ်မှာ တပ်ဖွဲ့ဝင်ဘယ်လောက်လိုက်ပါလာတယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

တပ်မှူး ဗစ်တာ ကလီမောဗ် နဲ့တပ်ဖွဲ့ဝင်တွေသေဆုံးရတဲ့အပေါ် ဝမ်းနည်းမိပေမဲ့ လေဆိပ်အထိရောက်အောင် ပြန်လည်မောင်းနှင်လာနိုင်ခဲ့တဲ့ လက်ထောက်လေယာဥ်မှူးနဲ့အဖွဲ့ဝင်တွေကို သူရဲကောင်းတွေအဖြစ် သတ်မှတ်ကြောင်းလည်း ရုရှားလေတပ်လူမှုကွန်ယက်တွေမှာ ရေးသားဖော်ပြနေပါတယ်။ ဗစ်တာ ကလီမောဗ်နဲ့ သေဆုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စျာပနအခမ်းအနားကို စစ်အခမ်း အနားနဲ့ ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်းလည်း မိသားစုဝင်တွေရဲ့ ရေးသားချက်တွေကို ကိုးကားပြီး ရုရှားလေတပ်လူမှုကွန်ယက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဇောဗ်ပင်လယ်ပြင်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ကပဲ ပစ်ချခံခဲ့ရတဲ့ A 50 ထောက်လှမ်းရေး လေယာဥ်နဲ့ပတ်သက်လို့တော့ တိတိကျကျရေးသားဖော်ပြထားတာမရှိပဲ အဖိုးတန်ဆုံးလေယာဥ်တွေနဲ့ အတွေ့အကြုံအရှိဆုံး လေယာဥ်မှူး ၆ ဦးဆုံးရှုံးခဲ့ရမှုကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့ဟာ ရုရှားလေတပ်အတွက် ဝမ်းနည်းစရာအကောင်းဆုံးနေ့ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အဆိုပါလေယာဥ်ပစ်ခတ်ခံရမှုတွေကို အတည်ပြု သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed