စစ်ကိုင်းတိုင်းဒေသကြီး၊ လက်တောင်းငယ်ကျေးရွာအနီးတွင် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောသည်။

အထက်ပါ စစ်ကောင်စီစစ်ကြောင်းမှာ ဇန်နဝါရီ ၁၉ ရက်တွင် မုံရွာမြို့၊ ညောင်ပင်ကြီးကျေးရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာပြီးနောက် ဆားလင်းကြီးမြို့နယ်အတွင်းသို့ သုံးရက်တာ စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။ ထို့နောက် ဆားလင်းကြီးမြို့မှ ထွက်လာသော အဆိုပါစစ်ကြောင်းကို ဇန်နဝါရီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် ပုလဲ – ယင်းမာပင် – ဆားလင်းကြီး သုံးမြို့နယ်အစပ်၊ လက်တောင်းငယ်ကျေးရွာအနီး၌ ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“၁၇ ဦး သေဆုံးတာ မျက်မြင်ပါဗျ၊ ဓာတ်ပုံမှတ်တမ်း Video မှတ်တမ်းပါ ရပါတယ်။ ပစ္စည်းတွေလည်း သိမ်းမိပါတယ်။ ကျွန်တော်တို့ ရဲဘော်ငါးဦး ဒဏ်ရာအနည်းငယ်ဆီ ရရှိခဲ့ပါတယ်။ စစ်ကြောင်းကတော့ အခု ပုလဲမြို့ထဲ ဝင်သွားပါပြီ” ဟု ကိုဂျော်ဒန်က ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး -ULF (ခရိုင် ပကခတိုက်ခိုက် ရေးစစ်ကြောင်း)၊ ဒေသခံ LPDF များ နှင့် တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ဆားလင်းကြီးမြို့ အနောက်ဘက်တစ်ကြောလည်း စစ်ကြောင်းထိုးတယ်၊ ပြည်သူတွေလည်း သူတို့ကြောင့် သေတာတွေရှိတယ်။ တိရိစ္ဆာန်တွေရောပဲ” ဟု ဆားလင်းကြီးမြို့ရှိ ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။


ပုလဲမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း “စစ်ကောင်စီစစ်သားတွေဝင်လာပြီဆိုရင် ကျွန်မတို့ကတော့ နိုင်ရာပစ္စည်းတွေ သယ်ပြီးပြေးရတာပဲ။ အေးအေးချမ်းချမ်းပဲ နေချင်နေပြီ” ဟု ဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ဆားထုံးကျေးရွာမှ နေအိမ်ခုနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed