မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုအပေါ် တုံ့ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြောညာချက်က လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ပဲ ဝေဖန် ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ရက် တနင်္လာနေ့က မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲ မစတင်ခင်၊ အဖွဲ့ဝင် (၉) နိုင်ငံက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး SAC-M က အခုလို ပြောလိုက်တာပါ။

မြန်မာ့အရေးအထူးအကြံပေးအဖွဲ့ SAC-M တည်ထောင်သူတဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေကို ဗုံးတွေကျဲချပြီး၊ တော်လှန်ရေးကိုထောက်ခံတဲ့ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေချိန်မှာ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးတွေကျင်းပပြီး ကြေညာချက်တွေသာ ထုတ်ပြန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာ့အရေး အထူးအကြံပေးကောင်စီကို ပူးတွဲတည်ထောင်သူနောက်တဦးလည်းဖြစ်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ဥက္ကဋ္ဌဟောင်း Marzuki Darusman ကတော့ မြန်မာနိုင်ငံမှာ အကျပ်အတည်းက အရှိန်အဟုန်နဲ့ ကြီးထွားနေပြီး မြန်မာ ပြည်သူတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးကူညီမှုနဲ့ အကာအကွယ်တွေ အရေးပေါ် လိုအပ်နေကြောင်း၊ ထိရောက်တဲ့ လုပ်ဆောင်မှုမရှိတဲ့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ ‘ဝ’ မရှိလဲ ‘ဝိ’ လုပ်သလို ဖြစ်နေတဲ့အတွက် လုံလောက်မှု မရှိကြောင်း နဲ့ စစ်ကောင်စီဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် တရားမျှတမှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးသင့်နေတာ ကြာပါပြီ၊ ဒါကို လုံခြုံရေးကောင်စီအနေနဲ့ မလုပ်နိုင်ဘူးဆိုရင် ICC ၊ ဒါမှမဟုတ် အထူးခုံရုံးကနေတဆင့် တရားမျှတမှုရဖို့ တခြား လုပ်နိုင်တဲ့သူတွေက လုပ်သွားရပါလိမ့်မယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ရဲ့ အဖွဲ့ဝင်ဟောင်း နောက်တဦးဖြစ်တဲ့ Chris Sidoti ကလည်း ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် တိုက်ပွဲဝင်ရာမှာ ပံ့ပိုးကူညီဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed