ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ လက်နက်ချလိုက်ကြပြီးနောက် လောက်ကိုင်တစ်မြို့လုံးနီးပါး ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်တပ်များ၏ ထိန်းချုပ်မှုအောက် ရောက်သွား ပြီး MNDAA က ၎င်းတို့ထံမှ လက်နက် အများအပြား စိစစ်သိမ်းဆည်းဖြစ်သည်။

“ပြည်သူ့စစ်တွေကတော့ အားလုံးလက်နက်ချလိုက်ပြီလို့ သိရတယ်၊ ရဲတပ်ရင်းစခန်းရော သိမ်းလိုက်ပြီတဲ့၊ အခုက သိပ်မကျန်တော့ဘူး၊ ကျွန်တော်တို့ရှိနေစဉ်ကတည်းက မြို့ပေါ်အားလုံးနီးပါးက ကိုးကန့်အဖွဲ့က သိမ်းထားပြီးပြီ” ဟု ဒီဇင်ဘာ ၂၄ ရက်နေ့အထိ လောက်ကိုင်မြို့တွင် နေထိုင်ခဲ့သည့် အမျိုးသားက ပြောသည်။ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း လောက်ကိုင်မြို့ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးပယ်ရှောက်ချိန် ၏ နေအိမ် အပါအဝင် ရဲစခန်းကိုပါ MNDAA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု သတင်းဖော်ပြထားသည်။

ဦးပယ်ဆောက်ချိန်သည် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု လွှတ်တော်အမတ်ဟောင်းဖြစ်သည့်အပြင် ၂၀၁၆ မှ၂၀၁၉ အထိ လောက်ကိုင်ကို အုပ်ချုပ်ခွင့်ရခဲ့သူဖြစ်သည်။ ဦးပယ်ဆောက်ချိန် ၊ သူ၏သားငယ်နှင့် သမီးတို့ကို တရုတ်အစိုးရက ကျားဖြန့် အွန်လိုင်းလောင်းကစားဂိုဏ်း ခေါင်းဆောင်များအဖြစ် စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ထားသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားနိုင်သည့်နေရာမှာ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်စခန်းနှင့် မြို့အရှေ့မြောက်ဘက် နယ်စပ်စခန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု သိရသည်။ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် MNDAA ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း အများစိတ်ဝင်စားနေသည့် လောက်ကိုင်မြို့နှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေသည်။ ဒီဇင်ဘာ ၅ ရက်နေ့က လောက်ကိုင်မြို့တောင်ဘက်ခြမ်းရှိ တာရင်တောင်စစ်ကောင်စီစခန်းကို MNDAA က သိမ်းပိုက်ခဲ့ပြီး တုန်ချိန်ရပ်ကွက်အတွင်းထိပါ တပ်စွဲထားနိုင်ခဲ့ကာ လောက်ကိုင်မြို့ကိုလည်း အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် MNDAA အပါအဝင် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တို့နှင့် ဒီဇင်ဘာ ၇ နှင့် ၈ ရက်နေ့များက တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တရုတ်၏ ကြားဝင်မှုဖြင့် ဖြစ်ပေါ်လာသော ထိုဆွေးနွေးပွဲမှ ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ စစ်ကောင်စီတပ်က လောက်ကိုင်မြို့ကို စွန့်ခွာမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်ဟု သိရသည်။ သို့သော်လည်း လောက်ကိုင်မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် တရုတ်နှင့် နယ်စပ်ဝင်ပေါက် ရန်လုံကျိုင်းဂိတ်မှ စစ်ကောင်စီတပ်များက လက်နက်ချလိုက်ရာ ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် MNDAA က အဆိုပါ နယ်စပ်ဂိတ်ကို သိမ်းပိုက်လိုက်သည်။

ရန်လုံကျိုင်းဂိတ်လက်လွှတ်လိုက်ရပြီးနောက် နာရီပိုင်းအကြာမှာပင် လောက်ကိုင်မြို့မှ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက မြို့ပြင်ရှိ MNDAA တပ်များကို တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း၂၂၀ ကျော်ကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး လောက်ကိုင်မြို့အနီးရှိ ကုန်းကြမ်း ချင်းရွှေဟော်မြို့များအပါအဝင် မြို့ ၅ မြို့ကို သိမ်းပိုက်ထားခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed