July 24, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် CDFက အသိပေးထုတ်ပြန်ထားသည်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် လာသည့် စစ်ကောင်စီတပ်နှင့် ကန်ပက်လက်မြို့တွင် တပ်ချိန်းပြီးထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ် သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း၊ ယင်းစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင် ၂၁ရက် က မဆာတွီရွာနှင့် မောချောင်းရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက် က အထိအခိုက်အကျအဆုံးမရှိဟု အသိပေးသည်။ ယနေ့ (ဇူလိုင် ၂၄ရက်) နံနက်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးဖော်ပြသည်။

ကန်ပက်လက်မြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန် သည်။ ကန်ပက်လက်မြို့ပေါ်မှ တပ်ချိန်းပြီး ပြန်လည်ထွက်လာသည့် စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDFရဲဘော် တစ်ဦးကျဆုံးပြီး ၁ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ယမန်နေ့(ဇူလိုင် ၂၃ရက်)ကလည်း အဆိုပါ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ပါကွန်းရွာ အောက်ဘက် ကတင်းချောင်းအနီး ထိတွေ့မှု ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်က ငါးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။ ယမန်နေ့ တိုက်ပွဲတွင် CDF ဘက်က အထိအခိုက် အကျအဆုံးမရှိသော်လည်း စစ်ကောင်စီထောင် ထားသည့် မိုင်းနင်းမိ၍ ပြည်သူတစ်ဦး အသက် ဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။

နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီကို တွန်းလှန်နေသည့် ကန်ပက်လက် CDF အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း အသိပေးထားပြီး ပြည်သူများအနေဖြင့် အားပေးကူညီကြရန် တောင်းဆိုထားသည်။

Source: Khit Thit Media

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed