July 24, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၆၈ က စစ်သား ၃ ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့ဆီက သိရပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စကခ ၁၀ လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈ စစ်သား ၃ ဦး လက်နက်များနဲ့အတူ CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ခွင်ဝက်လက်သို့ ခိုလှုံရောက်ရှိလာသူများ၏ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး မျိုးချစ် ဟု သိရှိရပြီး စစ်ကြောင်းမှူးမှာ ဗိုလ်ကောင်းထက်ဇော် ဟု သိရှိရကာ အဆိုပါ အရာရှိ ၂ ဦး၏ မိသားစုနောက်ကြောင်းကို တော်လှန်ရေးရဲဘော် အချင်းချင်း ချိတ်ဆက်ဖော်ထုတ်လျက်ရှိကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်ထံမှ သိရှိရသည်။

ဝက်လက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ အကြမ်းဖက် စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်တပ်ဖွဲ့များ အတွင်းရှိ တပ်ဖွဲ့ဝင်များ၊ ပြည်သူကို မျက်နှာမူပြီး အမှန်တရားကို ချစ်မြတ်နိုးကာ ဓမ္မကို လိုလားပေမယ့် အခြေနေမပေးဘဲ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ဖို့ ခက်ခဲတဲ့ တပ်ဖွဲ့ဝင်များနဲ့ သူတို့ရဲ့ မိသားစုဝင်များကို ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင်အနေနဲ့ ကြေငြာချက်အမှတ် (၁)၊ (၂)၊ (၃) တို့ကို သီးခြားစီထုတ်ပြန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သလို ပြည်သူ့ရင်ခွင်ကို ခိုဝင်လာသူအများအပြားကို နွေးထွေးစွာ လက်ခံခဲ့ပြီး မိသားစုဝင်များပါ ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသူအများစုဟာ စစ်အာဏာရှင်နဲ့ အပေါင်းအပါများကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တိုက်ခိုက်ရေးကိစ္စ၊ ရဲလုပ်ငန်းကိစ္စ၊ PDF တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးတဲ့ ကိစ္စများမှာ လက်တွဲဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြည်သူ့ ရင်ခွင်-ဝက်လက်ဟာ မြန်မာတစ်နိုင်ငံလုံးရှိ CDM ပြုလုပ်လိုသူ တပ်ဖွဲ့ဝင်တိုင်းကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်ပြီး ရောက်ရှိရာ မြို့နယ်တိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များနဲ့ ချိတ်ဆက်ကာ အန္တရာယ်ကင်းရှင်းအောင် အထူးဂရုစိုက် ကယ်ထုတ်ပေးမှာ ဖြစ်တယ်လို့ ပြည်သူ့ရင်ခွင်-ဝက်လက်ရဲ့ တာဝန်ရှိသူက ပြောကြားပါတယ်။

ဒါ့အပြင် လက်နက်နဲ့အတူ CDM ပြုလုပ်လာသူတိုင်းကို ထိုက်ထိုက်တန်တန် ဆုငွေချီးမြှင့်ပေးနေပြီး ပြည်သူများအနေနဲ့လည်း ပတ်ဝန်းကျင်ကို ရောက်ရှိအကူအညီတောင်းခံလာရင် သက်ဆိုင်ရာ ရပ်ကျေး (ပကဖ)၊ (ပအဖ) အဖွဲ့ဝင်များကို အကြောင်းကြားပြီး လိုအပ်သလို ကူညီ‌ဆောင်ရွက်ပေးကြဖို့လည်း ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင် က မေတ္တာရပ်ခံတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

Source: Khitthit News

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed