ဂါဇာကမ်းမြောင်မှာ ၄ ရက်ကြာ အပစ်ရပ်ဖို့ ဟားမတ်စ်နဲ့ အစ္စရေး နှစ်ဘက်စလုံးက သဘောတူပြီလို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အပစ်ရပ် ၄ ရက်အတွင်းမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံ အမျိုးသမီးနဲ့ ကလေးငယ် ၅၀ ကို ပြန်လွှတ်ပေးမှာဖြစ်သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဥ်းသား အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြန်လွှတ်ပေးဖို့ သဘောတူခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အစ္စရေးက ပြန်လွှတ်ပေးမဲ့ ပါလက်စတိုင်း အကျဥ်းသား အရေအတွက် အတိအကျကို ကာတာ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမဲ့ အစ္စရေး သတင်းတွေကတော့ အကျဥ်းသား ၁၅၀ လို့ ဖော်ပြနေပါတယ်။ အပစ်ရပ်ထားတဲ့ ၄ ရက်ကာလမှာ ဂါဇာကမ်းမြောင်ကို လူသားချင်း စာနာထောက်ထားတဲ့ အစားအစာ၊ ဆေးဝါးနဲ့ လောင်စာတွေ ပေးပို့ခွင့်ရမယ်ဆိုပါတယ်။ အခုလို သဘောတူညီချက်ရဖို့ အတူလက်တွဲ ကြိုးပမ်းအားထုတ်ခဲ့တဲ့ အမေရိကန်နဲ့ အီဂျစ်အစိုးရတို့ကို ကျေးဇူးတင်ကြောင်းလည်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို အပစ်ရပ်ဖို့နဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေး သဘောတူညီချက် ရဖို့ အစ္စရေးအစိုးရအတွင်းမှာ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက အကြိတ်အနယ် ဆွေးနွေးခဲ့ရတာဖြစ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုက ထောက်ခံပေမဲ့ လက်ယာစွန်းပါတီရဲ့ အစ္စရေးဝန်ကြီး ၃ ယောက်က အဆိုပါ သဘောတူညီချက်ကို ကန့်ကွက်ခဲ့တယ်လို့ အစ္စရေး သတင်းတွေက ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၄ ရက် မနက်မှာ အပစ်အခတ် စတင်ရပ်စဲမယ် ဆိုပေမဲ့ အစ္စရေး စစ်ဦးစီးချုပ် ကိုယ်တိုင် ဂါဇာ စစ်မြေပြင်ကို ရောက်ရှိနေပြီး ဟားမတ်စ် တပ်ဖွဲ့တွေ ရှိနိုင်တယ်ဆိုတဲ့ နေရာတွေကို တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပါလက်စတိုင်း သတင်းတွေက ဖော်ပြနေပါတယ်။ လေးရက်ကြာ အပစ်ရပ်ဖို့ သဘောတူကြပြီလို့ သတင်းတွေ ထုတ်ပြန်နေပေမဲ့ ဂါဇာကမ်းမြောင် နေရာအနှံ့ကို အစ္စရေးက တိုက်ခိုက်နေဆဲဖြစ်သလို ဟားမတ်စ်တွေကလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်နေဆဲလို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed