ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းပြည်သူ့စစ်( PNO)က လုံခြုံရေးအကြောင်းပြကာ ဒေသခံများအား အဓမ္မတပ်သားသစ်စုဆောင်းနေကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊အထူးဒေသ ၆ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ရွာထက်မနည်းတွင် အသက် ၁၆နှစ်မှ ၄၀နှစ်ကြား အမျိုးသားများကို အဓိကထားကာ ပြည်သူ့စစ်အဖြစ် အဓမ္မလူအင်အားဖြည့်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

“မနေ့(ဇန်နဝါရီ၂၈ရက်)က ပအို့ဝ်ရွာတွေ က ရွာသားတွေကို ခေါ်တယ်။ ပအိုဝ့်ပြည်သူများနဲ့ အတူနေတိုင်းရင်းသားညီနောင်များလုံခြုံစေဖို့ဆိုပြီး စစ်ကောင်စီတပ် က လက်နက်ချပေးတာ။ တကယ်တော့ PNOကို လူအင်အား ဖြည့်တာပေါ့” ဟု ၎င်းက ပြောသည်။ ယင်းနှင့် ပတ်သက်ပြီး ဟိုပုံးမြို့နယ်ရှိ ဒေသခံတစ်ဦးအား မေးမြန်းရာ စစ်ကောင်စီတပ်က နောက်ကွယ်မှ ခိုင်းစေခြင်းဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ်( PNO)က ဦးဆောင်ကာ လက်နက်တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း ပြောသည်။

“ဟိုပုံးက ပအို့ဝ်ရွာက ရွာသားတွေကို မဲနှိုက်ခိုင်းတယ်။မဲပေါက်တဲ့သူက PNOပြည်သူ့စစ်အဖြစ် တာဝန်စထမ်းရတာပေါ့။လက်နက်က မောင်းပြန်တစ်လက်၊ကျည်ဘောက် ၄ခုနဲ့ ယူနီဖောင်းတစ်ထည်ပေးတယ်”ဟု ၎င်းက ပြောသည်။ မဲပေါက်သော သူများကို ပအို့ဝ်ရွာများတွင် ညဘက်ကင်းစောင့်ခိုင်းမည်ဟု လတ်တလောပြောထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

“တစ်ခါတည်း ရှေ့တန်းလွှတ်တာတော့ မဟုတ်ဘူး။မဲပေါက်တဲ့သူတွေက သက်ဆိုင်ရာတွေမှာ ညကင်းစောင့်တာတို့၊နေ့ခင်းပိုင်းဆိုလည်း PNOက အမိန့်ပေးတာတွေ လိုက်လုပ်ပေးရမယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပအိုဝ်းပြည်သူ့စစ်( PNO)က တပ်သားသစ် ၁၀၀ကျော်ရရှိထားပြီး ၎င်း တပ်သားသစ်များအတွက် သက်ဆိုင်ရာရွာများက စားနပ်ရိက္ခာနှင့် လစာ ပေးရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed