ဆီးရီးယားနိုင်ငံမှာ တာဝန်ယူထားတဲ့ အီရန်စစ်တပ် အကြံပေးအရာရှိချုပ် Seyed Razi Mousavi ဟာ ဒီဇင်ဘာ ၂၅ ရက်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွား ကြောင်း အီရန်နဲ့ ဆီးရီးယား သတင်းတွေက ဖော်ပြပါတယ်။ မြို့တော် ဒမတ်စကတ် အနီးက အခြေစိုက်စခန်းတခုကို သွားရောက် ကြည့်ရှုချိန်မှာ လေကြောင်းက တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

Seyed Razi Mousavi ဟာ အီရန်စစ်တပ်ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ဆီးရီးယားကိုသာမက ဟစ်ဇ်ဘိုလာ တပ်ဖွဲ့တွေကိုပါ အကြံပေးနေသူလို့ သတင်းတွေက ဖော်ပြပါတယ်။ ဗိုလ်ချုပ် ရာဇီ မိုဇာဗီကို အစ္စရေးက လေကြောင်းကနေ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေရာဟာ စစ်ပွဲဖြစ် နေတဲ့ နေရာ မဟုတ်သလို အစ္စရေးပိုင်နက်ထဲမှာလည်း မဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

ဗိုလ်ချုပ် ရာဇီ မိုဇာဗီကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်ရုံမက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းက ပြဌာန်းထားတဲ့ ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ကိုပါ ကျူးကျော်စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန် စစ်အကြံပေးအရာရှိချုပ် သေဆုံးရမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန်က သတိပေး ဖော်ပြပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လေးစားလိုက်နာတဲ့ နိုင်ငံတိုင်းက အစ္စရေးရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချ ဟန့်တားဖို့ လိုမယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဗိုလ်ချုပ် Qassem Soleimani ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တယ်လို့လည်း အီရန်နဲ့ ဆီးရီးယား သတင်းတွေက ဖော်ပြပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် ဗိုလ်ချုပ် ရာဇီ မိုဆာဗီရဲ့ စျပနကို တီဟီရန်မြို့တော်မှာ ဒီနေ့ ကျင်းပပြီး အီရန် ဘာသာရေးခေါင်းဆောင် အလီခါမေနီနဲ့ အီရန် အဆင့်မြင့် စစ်ဗိုလ်ချုပ်တွေ တက်ရောက်ကြောင်း တီဟီရန်သတင်းတွေက ဖော်ပြပါတယ်။

စျာပန အခမ်းအနား တက်ရောက်လာတဲ့ ခါမေနီ အပါအဝင် အီရန် စစ်ဗိုလ်ချုပ်တွေဟာ ဗိုလ်ချုပ် ရာဇီ မိုဆာဗီရဲ့ မိသားစုတွေကို နှုတ်ဆက်အားပေးပြီး “အမေရိကန်နဲ့ အစ္စရေး သေဆုံးကျဆုံးပါစေ” လို့ ကြွေးကြော်ကြကြောင်း အီရန်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed