မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုသည် တိုင်းပြည်အချုပ်ခြာအာဏာကို မတရားသိမ်းဆည်းရာတွင် ယခုဆိုရင် နှစ်နှစ်ကျော်လာပြီဖြစ်သည်။ တိုင်းပြည်၏စီးပွါးရေး၊ လူမှူရေးနှင့် ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအဖြာဖြာ ထိုးကျနေရုံမက People’s Defense Force (PDF) ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု Ethnic Armed Organizations (EAOs) များ၏ စုပေါင်းဖိအားကို ရင်ဆိုင်ရသည့်တိုင် တိုင်းပြည်အာဏာကို ပြန်လည်လွဲပြောင်းရေး နှင့် ပြည်သူများလိုလားသည့် “စစ်တပ်များ စစ်တန်းလျားသို့ပြန်သွားရေး” သည် မင်းအောင်လှိုင်၏ စိတ်ကူးထဲတွင်ပင်ရှိနေပုံ မရပေ။ တိုင်းပြည်၏ အချုပ်ခြာအာဏာ စစ်တပ်လက်ထဲတွင်တည်မြဲရေးကိုသာ ဦးတည်နေသည်။ စစ်တပ်နှင့်လူထု ဆက်ဆံရေးသည် အဖတ်ဆည်လို့မရတော့သည့်တိုင်အောင် မြန်မာစစ်တပ်သည် အဘယ်ကြောင့် မိုက်ရူးရဲဆန်သနည်း။ စစ်အာဏာရှင်စနစ်သည် အဘယ်ကြောင့် ဤမျှလောက် သက်ဆိုးရှည်သနည်း။ 

ဤမေးခွန်းကို နိုင်ငံရေးသုတေသီများ အဖြေရှာရာတွင် သုတေသီတွေ့ရှိချက်အမျိုးမျိုး ပေးကြသည်။ ၄င်းတို့ထဲက အထင်ကရ သီအိုရီအချို့ကို ဦးစွာ ဆွေးနွေးလိုပါသည်။ ထို့နောက် မြန်မာ့နိုင်ငံရေး သုံးသပ်ရာတွင် ၄င်းသီအိုရီများ၏ ကန့်သတ်ချက်များကို ဆက်လက်ဆွေးနွေးလိုသည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းနှင့် စစ်တပ်၏ ဆင့်ကဲတိုးတက်ပြောင်းလဲလာပုံများကို အရင်းခံ၍ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍ ယူဆပုံ (perceived role of military) နှင့် ၄င်းအယူအဆ၏ အကျိုးရလဒ် (တစ်နည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ပုံ) ကိုဆွေးနွေးတင်ပြလိုပါသည်။ 

Literature Review:

လက်တင်အမေရိကတိုက်တွင် တစ်ချိန်က စစ်အာဏာရှင်နိုင်ငံများ ဖြစ်ခဲ့ကြသော ဘရာဇီး၊ ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနား စသည့်နိုင်ငံများ ဒီမိုကရေစီအသွင်ကူးပြောင်းလာပုံနှင့် ပတ်သတ်၍ Robert Dix (1999) သည် ၄င်းနိုင်ငံများရှိ ဒီမိုကရေစီအင်အားစုနှင့် အာဏာရှင်များကြားတွင် အတိတ်မှာဖြစ်ခဲ့သည့် ဖြစ်ရပ်ဆိုးများကို မေ့ပျောက်၍ တိုင်းပြည်တည်ဆောက်ရေးကို ဦးတည်ရန် သဘောတူညီခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့သည်။ အာဏာမရခင်တွင်  ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်ဗိုလ်ချုပ်များနှင့်ပတ်သတ်၍ အရေးယူတာမျိုး မလုပ်ပါဟု အကြိမ်ကြိမ် ကတိပေးရုံသာမက တိုင်ပြည်အာဏာရလာသည့်အခါတွင်လည်း စစ်တပ်၏ အဆိုးရွားဆုံးသော ရာဇဝတ်မှုနှင့်ပတ်သတ်၍ နိုင်ငံတကာခုံရုံးအထိ ဖြေရှင်းပေးခဲ့သည့် တိုင်အောင် ရင်ကြားစေ့ရေးကိုကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ဒေါ်စုကို ပုဒ်မမျိုးစုံ တပ်ပြီး နှစ်ရှည်ထောင်ဒဏ်နှင့် ကျေးဇူးဆပ်ခဲ့သည်။ အကြောင်းမှာ စစ်တပ်သည် ဒေါ်စုကို အကြပ်တည်းကာလတခုအတွင်း အသုံးချဖို့နှင့် နိုင်ငံရေးရုပ်သေးရုပ်တစ်ခုသာသာ သတ်မှတ်ပုံရသည်။ ၄င်းစစ်တပ်သည်သာ တိုင်းပြည်အကျိုးကို ဆောင်ရွက်သော အုပ်ထိန်းသူ guardian သဖွယ် သတ်မှတ်ထားပုံရသည်။ စေ့စပ်ညှိနှိုင်းမှုကြောင့် ဒီမိုကရေစီမရနိုင်ကြောင်း သက်သေပြလိုက်ခြင်းလည်းဖြစ်သည်။

David I. Steinberg ကမူ “တပ်မတော်ဗိုလ်ချုပ်များအကြား စည်းလုံးမှု” ကြောင့် အာဏာရှင်သက်ဆိုးရှည်ရသည်ဟု ဆိုသည်။ စာရေးသူ သဘောမတူပေ။ တပ်မတော်သမိုင်းကို ကြည့်ရာတွင် ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာပြိုင်မှုကို မကြာခဏဆိုသလို မြင်တွေ့နေရသည်။ အဦးဆုံးအနေနှင့် နေဝင်းနှင့် အောင်ကြီး (+ မောင်မောင်)တို့ကို သာဓကပြုလိုသည်။ အောင်ကြီးနှင့် မောင်မောင်တို့၏ ကူညီမှုဖြင့် အာဏာရလာသော နေဝင်းသည် နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့် ပဋိပက္ခဖြစ်ခဲ့ရာ အောင်ကြီး၏ အိပ်ဖွင့်ပေးစာများကြောင့် နေဝင်းကိုယ်တိုင် ရာထူးကဆင်းခဲ့ပုံရသော်လည်း အာဏာရှင်စနစ်သည် ဆုံးခန်းမတိုင်ခဲ့ပေ။

နေဝင်းကိုဆက်ခံသော စောမောင်သည်လည်း ၎င်းကိုယ်တိုင်ခန့်အပ်တာဝန်ပေးခဲ့သည့် သန်းရွှေနှင့် ခင်ညွန့်တို့ကြောင့် ၎င်း၏ အုပ်ချုပ်မှုကာလသည် စောစီးစွာ နိဂုံးချုပ်ခဲ့သည်။ နောင်ပိုင်းတွင် သန်းရွှေသည် ခင်ညွန့်ကိုပါ ဖယ်ရှားခဲ့သည်။ သို့ဖြစ်ရာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုသည် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကြား စည်းလုံးမှုတခုတည်းကြောင့် မဖြစ်နိုင်သလို ၎င်းတို့ကြားက အားပြိုင်မှုကြောင့်လည်း အာဏာရှင်စနစ်နိဂုံးမချုပ်ခဲ့ကြောင်း တွေ့နိုင်ပေသည်။ 

ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် တိုင်းပြည်၏ မငြိမ်သက်သော ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ကိုလိုနီအမွေဆိုးကြီးကို မကြာခဏဆိုသလို ပုံချတတ်ကြသည်။ ကိုလိုနီစနစ်သည် အမှန်ပင် ဆိုးကျိုးရှိခဲ့သည်။ သို့သော် ကိုလိုနီစနစ်ကို တိုင်းပြည်ရှိ ပြဿနာအားလုံး၏ အကြောင်းရင်းအဖြစ် သတ်မှတ်မည်ဆိုလျှင် တာဝန်ယူမှုနှင့် တာဝန်ခံမှု ကင်းမဲ့ရာကျပေမည်။ Matthew Lange နှင့် Andrew Dawson (2009) သည် တိုင်းတပါးကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများကို လေ့လာပြီး ကိုလိုနီခေတ်အလွန် တိုင်းပြည်မငြိမ်သက်မှုနှင့် ပြည်တွင်းစစ်ကို ဖြစ်စေနိုင်သည့် အချက် ၈ ချက်ကို လေ့လာဆန်းစစ်ခဲ့ရာ ယေဘုယျအားဖြင့် ကိုလိုနီအမွေ၏ အကျိုးသက်ရောက်မှုသည် အကန့်အသတ်ရှိကြောင်း တွေ့ရှိခဲ့သည်။

Terennce Lee (209) သည်လည်း စစ်အာဏာရှင်များသည် လူထုအုံကြွမှုနှင့် ရင်ဆိုင်ရသောအခါ တပ်တွင်းပြိုကွဲမှုဖြစ်လာပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုသို့ ဦးတည်လာကြောင်းတွေ့ရှိခဲ့သည်။ သို့ရာတွင် ၎င်းတွေ့ရှိချက်သည် မြန်မာနိုင်ငံ၏ ပကတိအရှိတရားနှင့် ဆန့်ကျင်နေသည်။ ၁၉၄၇-၄၈ ခုနှစ်များတွင် တပ်မတော်သည် တပ်တွင်းပြိုကွဲမှုကို အလူးအလဲခံစားခဲ့ရရုံသာမက ၁၉၈၈၊ ၂၀၀၇ နှင့် ၂၀၂၁ စသည့် ခုနှစ်များတွင်လည်း ပြင်းထန်သော လူထုအုံကြွမှုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့်တိုင် ဒီမိုကရေစီစနစ်သို့ အသွင်မပြောင်းခဲ့ပေ။ သယံဇာတကြွယ်ဝမှု၊ ဆင်းရဲမွဲတေမှု၊ လူမျိုးကြီးဝါဒ၊ ဘာသာရေးအယူသီးမှု၊ မတူကွဲပြားမှု၊ ဒီမိုကရေစီထောက်တိုင်များ မခိုင်မာမှု စသည့် အချက်များသည်လည်း အာဏာရှင်စနစ်သက်ဆိုးရှည်ကြာအောင် ထောင်ပို့နိုင်သော်လည်း ပင်မအကြောင်းအရင်းမဟုတ်ပါပေ။

နေဝင်းအစ မင်းအောင်လှိုင်အဆုံး စစ်အာဏာရှင်များ၏ မိန့်ခွန်းနှင့် တွေ့ဆုံမေးမြန်းခန်းများကို အကဲခတ်လေ့လာကြည့်ရာမှ ရလာသော အာဏာရှင်စနစ်သက်ဆိူရှည်နေမှု၏ ပင်မအကြောင်းအရင်းသည် “စစ်တပ်က ၎င်းတို့၏ အခန်းကဏ္ဍအပေါ် ထင်မြင်ချက်” (perceived role of the military) ဖြစ်ပေသည်။ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များသည် သူတို့ကိုယ်သူတို့ ပါတီနိုင်ငံရေးကို ကျော်လွန်သော အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ၏ ပဓာနကျသော ပုဂ္ဂိုလ်များအဖြစ် ရှုမြင်ကြသည်။ 

ဤရှုမြင်မှုသည် လွတ်လပ်ရေးတိုက်ပွဲနှင့် စပ်ဆိုင်သည်။ လွတ်လပ်ရေးတိုက်ပွဲအတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ၏ အခန်းကဏ္ဍသည် အရေးပါသည်မှန်သော်လည်း ၎င်းသမိုင်းကြောင်းဆိုင်ရာ အရေးပါမှုကို အသုံးချပြီး တပ်မတော်သည်သာ နိုင်ငံတော်၏ ကယ်တင်ရှင်ဟု ထင်မြင်ခြင်းသည် နောက်ဆက် တွဲဖြစ်ပေါ်လာမည့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း၏ အကြောင်းရင်းတခုသဖွယ် ဖြစ်လာသည်။ ဗမာလူထုကို ၇၊၅၊၁၉၄၅ ရက်နေ့တွင် ဟောပြောခဲ့သော ဗိုလ်နေဝင်း၏ မိန့်ခွန်းသည် သာဓကမြောက်လှသည်။ ထိုမိန့်ခွန်းတွင် ဦးနေဝင်းက “ဗမာတပ်မတော်သည် တိုင်းပြည်၏ မျှော်လင့်ချက်သာမက တိုင်းပြည်၏ အသက်ဖြစ်သည်” ဟု မိန့်ကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ်များအတွင်း ထုတ်ဝေခဲ့သော တပ်မတော်၏ ဆောင်ပုဒ်များကို ကြည့်လျှင် “တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ” ဟု ရေးသားထားသည်ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့နိုင်သည်။ ထိုမိန့်ခွန်းနှင့် ဆောင်ပုဒ်အတိုင်း ခေတ်အဆက်ဆက် တက်လာသော စစ်ဗိုလ်များသည်လည်း တပ်မတော်၏ အမျိုးသား‌နိုင်ငံရေးအခန်းကဏ္ဍကို စွဲကိုင်လာကြကာ ထိုခံယူမှုကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထင်သာမြင်သာ ရေးသွင်းလာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သိသာသော သာဓကတခုဖြစ်သည်။

၂၀၂၁ အာဏာသိမ်းမှုနှင့် ပတ်သက်၍ ATLAS.ti ခေါ် ကွန်ပျူတာဆော့ဖ်ဝဲလ်တခုကို အသုံးပြုကာ အထက်ပါ သမိုင်းကြောင်းအစဉ်အလာများ မျက်မှောကခေတ်အထိ ဆက်လက်ဖြစ်ပေါ်မှု ရှိ၊ မရှိ (တနည်း) တပ်မတော်၏ မိမိအခန်းကဏ္ဍကို ရှုမြင်ပုံနှင့် ၎င်းရှုမြင်ချက်မှတဆင့် အာဏာရှင်စနစ်အဓွန့်ရှည်လာပုံကို စာရေးသူ သုတေသနပြု ဆန်းစစ်ကြည့်ရာ တပ်မတော်၏ “အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် မိမိကိုယ်ကိုယ် မရှိမဖြစ်အရေးပါကြောင်း ထင်မြင်ယူဆချက်မှတဆင့် အာဏာလက်မလွှတ်လိုခြင်း၊ အာဏာလက်လွှတ်လိုက်လျှင် တိုင်းပြည်ပြိူကွဲမည်ဟု ထင်မြင်ခြင်း” ကြောင့် အာဏာရှင်စနစ်အဓွန့်ရှည်နေကြောင်း သက်သေများ တွေ့ရှိခဲ့သည်။

ထိုသို့ သုတေသနပြုရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူသည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အာဏာမသိမ်းမီအချိန်အထိ ဟောပြောခဲ့သော ဗိုလ်မင်းအောင်လှိုင်၏ မိန်းခွန်း စုစုပေါင်း (၂၆) ခု နှင့် သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်း (၃) ခုကို သမိုင်းကြောင်းအစဉ်အလာ (historical analysis) နှင့် ချင့်ချိန်ကာ လေ့လာဆန်းစစ်ခဲ့ပါသည်။ ထိုသို့ဆန်းစစ်ရာတွင် အာဏာသိမ်းမှုကို ဖြစ်စေနိုင်သော အချက် (၄) ချက်ကို နှိုင်းယှဉ်ခဲ့ပါသည်။ ၎င်းအချက် (၄) ချက်မှာ  (၁) တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍနှင့် ပတ်သက်သော ပြောဆိုမှုများ၊ (၂) ကိုလိုနီခေတ်မတိုင်မီနှင့် ကိုလိုနီခေတ်သမိုင်းကြောင်းများ နှင့် တိုင်းပြည်၏ လက်ရှိအနေအထားအပေါ် ကိုလိုနီအမွေဆိုးကို အပြစ်တင်ချက်များ၊ (၃) တိုင်းရင်းသားလက်နက်ကိုင် ခုခံမှုများ၊ (၄) ပါတီနိုင်ငံရေစ (NLD ပါတီကို ပြစ်တင်မှုများ) ဖြစ်သည်။ 

ကြိမ်နှုန်းဖြန့်ကျက်မှု (frequency distribution of causal factors) ကို ကြည့်ရာတွင် စုစုပေါင်း (၁၀၄) ကြိမ် အနက် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းနှင့် ပတ်သက်၍ (၅၁) ကြိမ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ (၂၂) ကြိမ်၊ ကိုလိုနီသမိုင်းကို ပြစ်တင်ပုံချချက်များနှင့် ပတ်သက်၍ အကြိမ် (၂၀) နှင့် ပါတီနိုင်ငံရေးနှင့် ပတ်သက်၍ (၁၁) ကြိမ် စသဖြင့် တွေ့ရှိခဲ့ရာ တပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံး၌ ဦးဆောင်နေသည်ကို တွေ့ရှိခဲ့ပါသည်။ ထိုသို့ တပ်၏ အခန်းကဏ္ဍကို ဖော်ပြရာတွင်လည်း ဒို့တာဝန်အရေး (၃) ပါး သည် ကြိမ်ဖန်များစွာ ဖော်ပြခံရကြောင်း တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရသော် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရခြင်း၏ ပင်မအကြောင်းရင်းသည် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ၏ စစ်တက်၏ အခန်းကဏ္ဍအပေါ် ထင်မြင်ချက်၊ တနည်း စစ်တပ်၏ အမျိုးသားနိုင်ငံရေးအပေါ် လွှမ်းမိုးချယ်လှယ်လိုစိတ် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများသည် စစ်တပ်အပေါ် ထိုကဲ့သို့ ထင်မြင်ခြင်းကို မရပ်သရွေ့ (သို့မဟုတ်) ရပ်လာအောင် ပြည်သူဘက်က လုံလောက်သောဖိအား မပေးနိုင်သရွေ့ စစ်အာဏာရှင်စနစ်သည် အလွယ်တကူနှင့် နိဂုံးချုပ်မည့်သဘော မတွေ့ရပေ။

References: 

Burma Library Online. From Fascist Bondage to New Democracy: The New Burma in the New World. Appendix 2 B., pp. 28-38. https://www.burmalibrary.org/docs13/Book19-ocr150.pdf

Constitution of the Republic of the Union of Myanmar, 2008

DIX, ROBERT H. 1994. “Military Coups and Military Rule in Latin America.” Armed Forces & Society, vol. 20, no. 3, pp. 439–56. JSTOR, http://www.jstor.org/stable/45347010. 

Lange, Matthew, & Dawson, Andrew. 2009. “Dividing and Ruling the World? A Statistical Test of the Effects of Colonialism on Postcolonial Civil Violence.” Social Forces, 88(2), 786. http://www.jstor.org/stable/40645824 

Lee, Terennce. 2009. “The armed forces and transitions from authoritarian rule.” Comparative Political Studies 42(5): 640–669. 

Myaing, Chit. 1997. “In His Own Words.” Burma Debate, vol. IV, no. 3.

Taylor, Robert. 2015. General Ne Win: A Political Biography. Singapore: ISEAS Publishing

Keenan, Paul.  2008. Saw Ba U Gyi. Karen History and Culture Preservation Society.

Written by: Tg. Mung Sian Kim (Tongsan Columnist), USA

Hits: 0

Byadmin

One thought on “အာဏာရှင်စနစ်စက်ဆိုးရှည်နေတာဘာကြောင့်လဲ”
  1. The Myanmar Generals share a huge firm as their asset. They have huge benefits form their firm from several years. They don’t want to loose it, therefore they have to protect it with their might. To protect their firm they raise many dogs-some dogs are as bigs as German shepherd, some are small like chihuahua. the chihuahua protect the firms from the front and they die just to protect the big dogs and the firm. the time is coming and has come that the little dogs realize they are used by the firm owner MAL. the little dogs fight at the front line with empty stomach. Eventually they run and collapsed.
    မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုအဖြစ် ကြီးမားသော ကုမ္ပဏီကြီးတစ်ခုကို မျှဝေကြသည်။ နှစ်အတော်ကြာမှ သူတို့ရဲ့ခိုင်မာတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်။ အဲဒါကို မလွှတ်ချင်ဘူး ဆိုတော့ အစွမ်းအစနဲ့ ကာကွယ်ရမယ်။ ၎င်းတို့၏ခိုင်မာမှုကိုကာကွယ်ရန် ခွေးအများအပြားကို မွေးမြူကြသည်- အချို့သောခွေးများသည် ဂျာမန်သိုးထိန်းကဲ့သို့ကြီးသည်၊ အချို့မှာ chihuahua ကဲ့သို့သေးငယ်သည်။ ချီဟွာဟွာသည် ကုမ္ပဏီများကို ရှေ့တန်းမှ ကာကွယ်ကာ ခွေးကြီးများနှင့် ခိုင်မာမှုကို ကာကွယ်ရန်အတွက်သာ သေဆုံးကြသည်။ အချိန်တန်လာ၍ ခွေးလေးများသည် ၎င်းတို့ကို ကုမ္ပဏီပိုင်ရှင် MAL မှ အသုံးပြုကြောင်း သဘောပေါက်လာပါသည်။ ခွေးလေးတွေက ဗိုက်ဗိုက်နဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်ကြတယ်။ နောက်ဆုံးတော့ သူတို့ ပြေးပြီး ပြိုကျသွားတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed