အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါင်ဆောင်သည့် လေယာဉ်သည် လေဆိပ်တွင် ပြေးလမ်းချော်သွားကာ စစ်သား ၁၂ ဦး ဒဏ်ရာရသွားပြီး ၄ ဦးမှာ စိုးရိမ်ရသည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံလုပ် Shaanxi Y-8 အမျိုးအစားလေယာဉ်ဖြင့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။ ထိုလေယာဉ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ အဓိကလေဆိပ် Lengpui တွင် ယနေ့ (ဇန်နဝါရီ ၂၃ ရက်) နေ့လယ်ပိုင်းက ပြေးလမ်းချော်သွားခြင်းဖြစ်သည်။

ထိုလေယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သား ၉၂ ဦးတင်ဆောင်ထားသည်ဟု အိန္ဒိယလေဆိပ် အာဏာပိုင် အရာရှိတစ်ဦးက AFP ကိုပြောသည်။ အိန္ဒိယ ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည့် ဓာတ်ပုံများတွင် လေယာဉ်သည် ထက်ပိုင်းကျိုးနေသည်ကို တွေ့ရသည်။ အိန္ဒိယ−မြန်မာနယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ထွက်ပြေးလေ့ရှိကြသည်။ တိုက်ပွဲများကြောင့် မြန်မာစစ်သားများ စခန်းစွန့်ခွာကာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်သွားလေ့ရှိသည်။

ပြုစုထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာ ၁၃ တွင်၊ နိုဝင်ဘာ ၁၆၊ နိုဝင်ဘာ ၂၉၊ ဒီဇင်ဘာ ၂၉ တွင်၊ ယခုနှစ် ဇန်နဝါရီ ၆ ရက်တို့တွင် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံသို့ ရာနှင့်ချီ ထွက်ပြေးခဲ့ကြသည်။ ဇန်နဝါရီ ပထမပတ်အထိ စုစုပေါင်း ၅ ကြိမ်ထွက်ပေးခဲ့ကြပြီး ထွက်ပြေးသည့် စစ်သားစုစုပေါင်း ၅၀၀ နှင်အထက် ရှိနိုင်သည်။ ထိုအခြေအနေများဖြစ်ပေါ်လာပြီးနောက် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ယခုလ ၂၀ ရက်တွင် ပြောဆိုထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed