ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒီကနေ့ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာထားရာ ချင်းပြည်ကောင်စီ အတွက် အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်စေလွှတ်ရာမှာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပါဝင်မှုကိုလျှော့ချထားကြောင်းသိရပါတယ်။
မူလပြဌာန်းခဲ့တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ မှာ ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးမှာပူးပေါင်းဆောင်ရွက်တဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ် မှ ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ကိုယ်စားလှယ် ၂၇ ဦး နဲ့ မြို့နယ်နဲ့ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ် ၈၆ ဦးတို့ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
အခုတစ်ခါပြန်လည်ပြင်ဆင်ရာမှာ ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးမှာပူးပေါင်းဆောင်ရွက်တဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းအမျိုးသား တပ်ဦး ( CNF) မှ ကိုယ်စားလှယ် ၁၅ ဦး နဲ့ ဒေသသီးခြားမရှိသောမြို့နယ်တစ်ခုမှ ကိုယ်စားလှယ် (၈) ဦးစီ၊ ဒေသ သီးခြားရှိသောမြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၅ ဦးစီနဲ့ ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီဖြင့်ပြန်လည်ဖွဲ့စည်း ထားတာဖြစ်ပါတယ်။
ချင်းပြည်ကောင်စီ အတွက်ကိုယ်စားလှယ်စေလွှတ်ရာမှာ ချင်းအမျိုးသားတပ်ဦးရဲ့ပါဝင်မှုကို ၁၂ ဦးအထိလျှော့ချ ထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ချင်းပြည်ဖွဲ့စည်းပုံအခြခံဥပဒေ ၂၀၂၃ ရဲ့ အပိုဒ် ၂၅၊၂၆၊၂၇ ၊ ပုဒ်မ ၃၂ (င)၊ ပုဒ်မ ၃၂ (ဌ)(ဋ)၊(ဈ)၊ အပိုဒ် (၃၆) ၊ ၄၅၊ ၄၈၊ ၆၇ ၊ အပိုဒ် ၆၇ (ခ)၊ ပုဒ်မ ၈၅ (ဈ) နဲ့ ပုဒ်မ ၉၂ တို့ကိုလည်း ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ခြင်းတွေ ပြုလုပ် ခဲ့တယ်လို့သိရပါတယ်။
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အားပြန်လည်ဖြည့်စွက်၊ပြင်ဆင်ရာမှာ အခန်း ၁၀ ခန်း နဲ့ နောက်ဆက်တွဲ ၂ ခု ပါရှိရာ အခန်း ၁ မှာ အခြေခံမှုများ ၊ အခန်း (၂) ချင်းပြည် ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၃) ချင်းပြည်ကောင်စီ ၊ အခန်း (၄) ဥပဒေပြုရေး ၊ အခန်း (၅) အုပ်ချုပ်ရေး၊ အခန်း (၆) တရားစီရင်းရေး ၊ အခန်း (၇) ချင်းပြည် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ ၊ အခန်း (၈) ဒေသန္တရ အုပ်ချုုပ်ရေး၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း ၊ အခန်း (၁၀) အထွေထွေ ပြဌာန်းချက်များ နဲ့ နောက်ဆက်တွဲ (၁) ကတိသစ္စာပြုချက် ၊ (၂) ချင်းပြည် (Chinland) အဆင့်နဲ့ ဒေန္တရ အဆင့်ကြား အာဏာခွဲဝေခြင်းတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ရှိရာ ဗစ်တိုးရီးယားစခန်းမှာ ကျင်းပပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှေများ၊ ချင်းလွှတ်တော်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ဒေသခံ အစုအဖွဲ့ကိုယ်စားလှယ်များ နဲ့ ပြည်တွင်း၊ပြည်ပ ဧည့်သည်တော် စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ပြီး အောင်မြင်စွာ ပြုလုပ်ခဲ့ရာ အဆိုပါ ညီလာခံ ကနေ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
Hits: 0