စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို ယမန်နေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့် တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ အသက် ၅ နှစ်မှ အသက် ၁၁ နှစ်အရွယ်အထိ ကလေးငယ်များ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့သည့် ပြည်သူများတွင် အသက် ၅နှစ်အရွယ် မနှင်းရတီဝင်း၊ အသက် ၆နှစ်အရွယ် မောင်ဖုန်းခန့်ဖြိုး၊ အသက် ၇နှစ်အရွယ် မောင်ထက်နေကြည်နှင့် မောင်ဖြိုးမင်းခန့်၊ အသက် ၈ နှစ်အရွယ် မဆောင်းသဇင်နွေးနှင့် မောင်ကျော်ဖြိုးအောင်၊ အသက် ၉ နှစ်အရွယ် မဖြိုးအိဇင်၊ အသက် ၁၁ နှစ်အရွယ် မောင်ရှင်းသန့်၊ အသက် ၂၃ နှစ်အရွယ် ချစ်စန်းနွယ်၊ အသက် ၂၇ နှစ်အရွယ် နှင်းအိစံတို့ ဖြစ်ကြသည်။
ထို့အပြင် အသက် ၃၅ နှစ်အရွယ် မယဉ်လှ ၊ အသက် ၃၆ နှစ်အရွယ် သိန်းလွင်ဦး၊ အသက် ၃၈နှစ်အရွယ် ပြူးစိန်၊ အသက် ၃၉ အရွယ် ဘိုဦး၊ အသက် ၄၀ နှစ်အရွယ် နှင်းနုအောင်၊ အသက် ၄၂ နှစ်အရွယ် ဇော်မင်းဦး၊ အသက် ၄၆ နှစ်အရွယ် ဇော်လင်း ၊ အသက် ၄၈ နှစ်အရွယ် မောင်စိုး ၊ အသက် ၇၄ နှစ်အရွယ် ဒေါ်စိန်ကြွေ တို့ ဖြစ်ကြသည်။
မေလ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များ၊ အမျိုးသမီး အပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် ကျောက်တော်မြို့ကို မေလ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၇ ဦးသေဆုံးကာ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲတွင် ဆရာမနှစ်ဦးအပါအဝင် ကလေးငယ် စုစုပေါင်း ၂၄ ဦးအထိ သေဆုံးခဲ့ရပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများနှင့် အရပ်သား ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများကို လုပ်ဆောင်နေသည်။
Hits: 0