ယမန်နေ့ (အောက်တိုဘာလ ၉ ရက်နေ့) တစ်ညအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခုနစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် ၊ ဘီးလင်းမြို့အရှေ့မြောက် ၂၂ မိုင်အကွာ ပျဉ်းမပင်ဆိပ်ရွာကို ယမန်နေ့ ည ၈ နာရီ ၁၃ မိနစ်တွင် ဗုံးတစ်လုံး လာကြဲသွားခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေ ကို သိသည့် တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရွာအနောက်ဘက်ခြမ်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် နော်ခင်စန်းမြင့် ၊ ၁၂ နှစ်အရွယ် နော်သန်းသန်း ၊ ၉ နှစ် အရွယ် နော်မင်္ဂလာစော ၊ ၇ နှစ်အရွယ် စောလင်းထက်သာ၊ ၆ နှစ် အရွယ် စောထွန်းထွန်းမင်းတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရှစ်ဦးခန့်ရှိကြောင်း ဆိုသည်။ ဗုံးကြဲခံရသော ထိုကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ် မြေဖြစ်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် နယ်စပ်တွင် တည်ရှိသည်။
လက်ရှိတွင် ဒဏ်ရာရသူများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆေးကုသပေးနေပြီး အသက်အန္တရာယ် စိုးရိမ်ရသူများလည်းရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။ ဘီးလင်းမြို့နယ်အတွင်း လတ်တလော တိုက်ပွဲမရှိသော်လည်း ဘီးလင်းအရှေ့ဘက် ကရင်ပြည်နယ် ၊ ဖာပွန်မြို့နယ်တွင်မူ စစ်တပ်က ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၊ ဘိုဘိ၏ မူလ (DKBA) အဖွဲ့ နှင့် ပေါင်းကာ အောက်တိုဘာ ပထမပတ်ကတည်းက စစ်ကြောင်းထိုးနေသည်။
စစ်တပ်သည် ဖာပွန်မြို့တောင်ဘက် ၃၂ မိုင်ကျော်ခန့်အကွာ ကမမောင်းမြို့မှတစ်ဆင့် မြောက်ဘက် ကတိုင်တိ ကျေးရွာသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး ထိုစစ်ကြောင်းကို KNU တပ်မဟာ (၅) နှင့် မဟာမိတ်တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်နေကြသည်။
TNLA ထိန်းချုပ်မြို့ မိုးမိတ်ကို ဗုံးကြဲ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းရွာအား စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၉ ရက်နေ့ ၊ ည ၇ နာရီကျော်အချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး နှစ်ဦး အပါအဝင် ခုနှစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ကျေးရွာအတွင်း လူနေထူထပ်သည့် နေရာအား ဗုံးကြဲခံရ၍ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု ဆိုသည်။
“ ဝဲဘောင်းက နှစ်ပိုင်းရှိတယ်၊ အခု ဖြစ်တာက ဗမာတွေ အများစုနေကြတဲ့ ရွာထဲကို ကျတာ ဆိုတော့ သေဆုံးတာ များတယ်။ ကလေးတစ်ယောက်ဆို ခေါင်းပါ ပြတ်သွားတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူများတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး ပါဝင်သည် ၊ ဒဏ်ရာရသူ ရှစ်ဦးတွင် ပြင်းထန်ဒဏ်ရာ ရသူများရှိသည်ဟု သိရသည်။ ယနေ့ နံနက်အထိ နေအိမ် အပျက်အစီးများအောက်တွင် သေဆုံးသူများရှိမရှိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည် ဟု ဒေသခံတို့က ဆိုသည်။
“အခုက ခုနှစ်ယောက်လို့ ဆိုပေမယ့် ထပ်ရှာနေတုန်းပဲ။ အပျက်စီးတွေအောက်မှာ ထပ်ရှာနေတုန်းပဲ”ဟု မိုးမိတ်ဒေသခံ အခြားတစ်ဦးက ပြောသည်။ တအောင်းတပ် ( TNLA) က ဝဲဘောင်းရွာ တိုက်ခိုက်ခံရမှုအတွင်း အရပ်သား ခုနှစ်ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားသည်ဟု ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်တပ်ဝါဒဖြန့်မီဒီယာများတွင်မူ မိုးမိတ်မြို့ ဝဲဘောင်းရွာရှိ TNLA တပ်စခန်းကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်၊ အလားတူ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ် အနောက်ဘက်ခြမ်းရှိ KNU စခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ဖော်ပြထားကြသည်။
ကျောက်မဲမြို့အား သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်က TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်၊ မိုးမိတ်မြို့များအား လေကြောင်းမှနေ့စဉ်ဗုံးကြဲတိုက် ခိုက်နေရာ အောက်တိုဘာလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ဦး ရှိလာပြီဖြစ်သည်။
TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်၊ မန်ဟုန်ရွာတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၀ ဦး ၊ မိုင်းလုံမြို့တွင် ကလေးတစ်ဦးအပါအဝင် ၁၀ ဦး၊ မိုးမိတ်မြို့တွင် ကလေးနှစ်ဦးအပါအဝင် ခုနှစ်ဦး၊ နမ္မတူမြို့တွင် လေးဦး၊ နမ့်ဆန်မြို့တွင် ကလေး နှစ်ဦး၊ မိုင်းငေါ့မြို့တွင် နှစ်ဦး၊ သီပေါကျင်သီရွာတွင် နှစ်ဦး စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ဒေသများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့်ဒေသများအား လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် မြေပြင်စစ်ကြောင်းများဖြင့် အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု TNLA ဘက်က ဆိုသည်။
စစ်ကော်မရှင်တပ်သည် သီပေါမြို့အား ထိုးစစ်ဆင်နေရာ သီပေါမြို့နှင့် ၁၃ မိုင်အကွာ လွယ်ခေါ် ရွာ ရှိ TNLA တပ်စခန်းများအား အောက်တိုဘာ ၇ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင် သီပေါနှင့် ကျင်သီကျေးရွာကြားရှိ လမ်းပိုင်းအား TNLA တပ်ဖွဲ့က ဆက်လက်ထိန်းချုပ် ထားဆဲဖြစ်ပြီး စစ်ကော်မရှင်တပ်က သီပေါအား ဆက်လက်ထိုးစစ်ဆင်နိုင်ရန် နောင်ချို မြို့ မှ တဆင့် စစ်အင်အားများ ထပ်ဖြည့်ထားသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေ ချိန် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်လာသည်။
ဗုဒ္ဓဘာသာဝင်အများစု၏ အခါကြီးရက်ကြီးသမယဖြစ်သော သီတင်းကျွတ်လပြည့်နေ့ (အောက်တို ဘာလ ၆ ရက်နေ့) မှာပင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် TNLA ထိန်းချုပ်မြို့များဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ နှင့် သီပေါမြို့များကိုလေကြောင်းတိုက်ခိုက်မှုလုပ်သည်။ ထိုနေ့တစ်ရက်တည်းမှာပင် အစုလိုက်အပြုံလိုက်သေဆုံးသူ နှစ်ဒါဇင်ထက်မနည်းရှိခဲ့ပြီး ကလေးများ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအဖွဲ့ဝင်များ ပါဝင်ခဲ့သည်။
Hits: 0