ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ရဲ့ နောက်ဆုံးမျိုးကွဲသစ်ဟာ ထိုင်းနိုင်ငံ အတွင်းမှာ ပျံ့နှံ့နေပြီဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ထိုင်းဆေးသိပ္ပံ ဌာနရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ XFG ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရသူ ၃၃ ဦးထိ ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့ကြောင်း ဖော်ပြ ပါရှိပါတယ်။ အဲဒီထဲက အများစုဟာ မြို့တော် ဘန်ကောက်မှာ လို့လည်း ဆိုပါတယ်။

XFG ဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ တခြားဗိုင်းရပ်စ် မျိုးကွဲတွေကို လွှမ်းခြုံလာပြီး လက်ရှိ ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု အများဆုံး ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်အဖြစ် ရပ်တည်လာနေပါတယ်။ ဒါပေမဲ့ XFG ကြောင့် ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေက တခြားမျိုးကွဲတွေထက် ပိုပြီး ဆိုးရွားပြင်းထန်တဲ့ လက္ခဏာမျိုးတော့ မတွေ့ရပါဘူး။

ထိုင်းကျန်းမာရေး ပညာရှင်တွေဟာ ပထမဆုံး XFG ကူးစက်မှုကို ဧပြီလမှာ တွေ့ရှိခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂၄ ရက်နေ့ထိ ကာလအတွင်းမှာတော့ XFG ကြောင့် ကိုဗစ်ဖြစ်ပွားတဲ့ လူနာ ၃၃ ဦးထိ အတည်ပြု တွေ့ရှိခဲ့ပြီး အဲဒီထဲက ၂၃ ဦးဟာ ဘန်ကောက်မှာ နေထိုင်သူတွေလို့ သိရပါတယ်။ ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ယွန်ယော့ သမ်မာဗူဟ်ဒီက လူနာ အများစုဟာ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးတာနဲ့ ခေါင်းကိုက်တာမျိုး အပျော့စား လက္ခဏာတွေပဲ ပြသခဲ့ပြီး ဆေးရုံတက်ရတဲ့ထိ အခြေအနေဆိုးသူ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဧပြီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂၄ ရက်နေ့ထိ အတောအတွင်း ထိုင်းမှာ ဓာတ်ခွဲအတည်ပြု တွေ့ရှိတဲ့ ကိုဗစ်လူနာ အရေအတွက် ၆၀၈ ဦးရှိခဲ့ပြီး XFG ကြောင့် ရောဂါဖြစ်ပွားသူ အချိုးအစားက ၅.၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ထိုင်းမှာတော့ XFG ဟာ ကိုဗစ်ရောဂါ ဖြစ်ပေါ်စေတဲ့ တခြားကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို မလွှမ်းမိုးနိုင်သေးတဲ့ သဘောပါ။

XFG ကြောင့် ဖြစ်ပွားတဲ့ ရောဂါလက္ခဏာတွေက မပြင်းထန်ဘူး ဆိုပေမယ့်လည်း လူတွေ အနေနဲ့ ပေါ့ပေါ့ဆဆတော့ သဘောမထားသင့်ကြောင်း၊ လက်ကို သန့်စင်အောင် ပုံမှန်ဆေးကြောတာ၊ လူစုလူဝေးကို ရှောင်ကြဉ်တာမျိုး အခြေခံ စည်းမျဉ်းတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သင့်ကြောင်း ယွန်ယော့က တိုက်တွန်းခဲ့ပါတယ်။

ကိုဗစ်ဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ကနေ လျော့ကျသွားပြီး အရင်ကလောက် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတော့ဘူး ဆိုပေမယ့် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းတဲ့ ရောဂါအခံ ရှိသူတွေ အတွက်တော့ စိုးရိမ်စရာ ဖြစ်နေဆဲပါ။ အခုနှစ်အတွက် ဇူလိုင် ၁၄ ရက်နေ့ထိ အခြေအနေအရ ထိုင်းမှာ ကိုဗစ်လူနာ ၅၈၉၃၄၂ ဦး တွေ့ရှိခဲ့ပြီး အသေအပျောက် ၂၃၉ ဦးထိ ရှိခဲ့တယ်လို့ အစောပိုင်းမှာ ရောဂါထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား: Bangkok Post

Posted: Tongsan Media Group

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed