ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ ရွာက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျမှု မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ ဒီနေ့မှာ ရုပ်အလောင်း ဆယ်ခု ထပ်မံတွေ့ရှိတာဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ကျန်နေသေး တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ညနေပိုင်းအထိ ရုပ်အလောင်း ဆယ်လောင်း ထပ်တွေ့ထားတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ ကယ်ဆယ် ရှာဖွေးရေကတော့ နေရော ညပါ တောက်လျှောက် လုပ်နေတယ်ဗျ” ရုပ်အလောင်းတွေ့တာက ၃၁ ခု ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူတစ်ဦးကို ဆေးရုံပို့ပေးနိုင်ခဲ့ပေမဲ့ ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၃၂ ဦးအထိ တိုးလာတာလို့ သူက ပြောပါတယ်။
တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး သက်ဆိုင်ရာ ဘာသာအလိုက် သင်္ဂြိုဟ်ပေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကနေ အသက် ၈၉ အထိ အရွယ်စုံ ပါဝင်ပြီး နွံကန်ပေါက် ကျမှုကြောင့် စပေါ့ရွာ ရပ်ကွက် (၃) က နေအိမ် ၅၇ လုံးလည်း နစ်မြုပ်သွားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ များလာပြီး မြေစာပုံနဲ့ နွံကန်ပြိုကျမှု ဖြစ်ရပ်တွေကြောင့် မကြာခဏ လူသေဆုံးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး သေဆုံးတဲ့သူ စုစုပေါင်း ခြောက်ရာဝန်းကျင် ရှိခဲ့ပါတယ်။
Hits: 0