ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဆီပို့မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က နိုဝင်ဘာလ ၁၇ ရက်ညပိုင်း သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ရွာမှာရှိတဲ့ New Power စက်သုံးဆီ ဆိုင်ပိုင်ရှင် ခွန်သောင်းထွန်းကို စတင် ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးချက်တွေအရ ပန်မုန့်ရွာမှာရှိတဲ့ ကိုပေတူးဆိုသူရဲ့ နေအိမ်ခြံဝင်းဂိုထောင်ထဲမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲ အထူးဒေသတစ်ခုကနေ ထွက်လာတဲ့ လက်နက်တွေပါဝင်တယ်လို့ ပြည်တွင်းမီဒီယာတွေကို မနေ့က ဖြေဆိုထားပါတယ်။

“ကယား ပြည်နယ်ဘက်ကိုပို့မယ် လက်နက်ခဲ့ယမ်း အမြောက်အမြားကို ပင်လုံမြို့မှာဖမ်းဆီးရမိခဲ့ပါတယ်။ အကြမ်းအားဖြင့်တော့ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ်စက်လက် ကိုးလက်၊ Type 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်နဲ့ လက်နက်ခဲယမ်း အမြောက်အမြား ဖမ်းမိခဲ့တာပါ။ Type 81 လက်နက်ဆိုတာ အထူးဒေသတစ်ခုကနေ ထွက်လာတဲ့ လက်နက်တွေဖြစ်တယ်လို့ ယူဆရပါတယ်” ဘယ်အထူးဒေသလဲဆိုတာ ထည့်မပြောပေမယ့် မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ပါဝင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားပါတယ်။ လက်နက်ခဲယမ်း လက်ဝယ်ထားရှိသူ ခွန်သောင်းထွန်း၊ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကိုကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်၊ ခွန်အောင်ကျော်နဲ့ ကိုပေတူးတို့ကို ဖမ်းဆီးထားတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ လက်နက်ခဲယမ်းတွေဟာ KNPP နဲ့ PDF တပ်ဖွဲ့တွေဆီ ပို့မယ့်ပစ္စည်းတွေလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဘက်ကလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးရမိ ထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြီး သတင်းထုတ်ပြန်ထားတာ မရှိခဲ့ပါဘူး။ KNPP ဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေးလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံထားပြီး တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ဒီစစ်ဆင်ရေးမှာ ပါဝင်လာဖို့ တိုက်တွန်းထားပါတယ်။ ကယားပြည်နယ်ထဲက စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ တစ်လေးလုံး စစ်ဆင်ရေးတွေမှာလည်း KNPP ရဲ့ ကရင်နီ တပ်မတော် (KA)တို့ ပါဝင်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed