ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာကြောင့် မံစီမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အတည်ပြုပါတယ်။ ဗန်းမော်မြို့မှာတော့ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေ မြို့တွင်းရပ်ကွက်အချို့မှာ ဝင်ရောက်နေရာယူနေနိုင်ပြီဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၄ရက်နေ့က စတင်ပြီး တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာပါ။ ဒီလ ၆ရက်နေ့မှာတော့ ထိုးစစ်အရှိန်ကို ထပ်မံ မြှင့်တင်ခဲ့ရာက ဒီကနေ့ နေ့ ခင်းပိုင်းမှာ မံစီမြို့ကို အပြီးသတ် သိမ်းယူခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မံစီမြို့က စခန်း ၃ခု ဒီနေ့ မနက်ပိုင်းပေါ့နော်။ ၁၁နာရီဝန်းကျင်လောက်မှာ အပြီး သိမ်းပိုက်လို့ ရတဲ့အနေအထားဖြစ်ပါတယ်။ ၆ရက်နေ့ကနေ ပြန်ပြီးမှ တိုက်ပွဲဖော်ဆောင်ပြီးမှ ဖြစ်တာ။ ဒီမနက်ကတော့ အဲဘက်မှာ နည်းနည်း အင်အားပြန်ဖြည့်ပြီးမှ တိုက်ခိုက်လို့ ၁၁နာရီ ဝန်းကျင်လောက်မှာ အပြီး သိမ်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။ မြို့သိမ်းတာကတော့ ကြာပါပြီ။ မြို့တွင်းဘက်ကတော့ ရဲစခန်းတွေ သိမ်းတာကတော့ ကြာပါပြီ။ မြို့တွင်းဘက်မှာတော့ ကျနော်တို့ အဖွဲ့တွေပဲ နေနေတာ။ အခုတော့ မြို့ပြင်လို့ ပြောရမှာပေါ့နော။ လုံခြုံရေးစခန်းတွေကတော့ အဲဒါကို သိမ်းတာဖြစ်ပါတယ်။ ”

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်မေလ ပထမပတ်မှာ မိုးမောက်နဲ့ မံစီကို တပြိုင်တည်း တိုက်ခိုက်ခဲ့သလို မံစီမြို့က ရဲစခန်းနဲ့ စစ်တပ်ကာကင်းအချို့ကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားခဲ့တာပါ။ မံစီမြို့ခံ အများစုဟာလည်း အဲဒီကာလမှာကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ကြရတာပါ။

ဒီကနေ့မှာတော့ မံစီမြို့က ကျန်ရှိနေတဲ့ ခမရ ၃၁၉၊ ၆၀၁နဲ့ အမှတ် ၅၂၃ အမြောက်တပ်စခန်းတွေကို သိမ်းယူခဲ့တာဖြစ်ကြောင်း ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဗန်းမော်ဘက်ကတော့ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်။ မြို့တွင်းက ကာကင်းတွေ၊နောက် ရဲစခန်းတို့ ဘာတို့ကတော့ မရှိတော့ပါဘူး။ အားလုံးတပ်စခန်းဘက်ကို ဆုတ်ပြီးမှ ပြောင်းသွားကြတယ်။ ၄၇ တို့၊ ၂၁ တို့ ပေါ့နော်။ ဆက်သွယ်ရေးတပ်တို့ ၊ ဟို တက္ကသိုလ်ကျောင်းဘက်မှာ လုံခြုံရေးချထားတဲ့အဖွဲ့တွေ အားလုံးရှိပါတယ်။ အမြောက်တပ်တို့၊ ထောက်ပို့တို့ အကုန်လုံးရှိပါတယ်။ ၉ခုလားမသိဘူး ရှိပါသေးတယ်။ ကျနော်တို့ သိမ်းနိုင်တဲ့အနေအထားမရှိသေးပါဘူး။ ဟိုရပ်ကွက်တချို့မှာတော့ ကျနော်တို့တွေလည်း ဝင်ထွက်လို့တော့ ရပါပြီ။ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဝင်ထွက်ရတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ ”

ဒေသတွင်းသတင်းမီဒီယာအချို့က ဗန်းမော်အခြေစိုက် ခလရ ၄၇ကို KIA က သိမ်းယူကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ အတည်မပြုပါဘူး။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ၊ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊သံချပ်ကာတပ်၊ တင့်ကားတပ် အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင်စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေး တပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက်ထားတာပါ။

စစ်ကောင်စီဘက်က ဗန်းမော်မြို့ မကျရေးအတွက် လက်နက်ကြီး ၊ ဒရုန်းနဲ့ လေကြောင်းက အပြင်းအထန် ခုခံနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ကျော်ရှိကြောင်း ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၇ရက်နေ့က ထုတ်ပြန်ထားပါတယ်။ လူဦးရေ ၁သိန်းခွဲလောက် နေထိုင်တဲ့ ဗန်းမော်မြို့ရဲ့ မြို့ခံပြည်သူ ၃ပုံ ၂ပုံလောက်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်