စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ စစ်ကော်မရှင်တပ်နှင့် ပျူစောထီးများ အခြေစိုက်ရာ ဗျူဟာမြောက်စခန်း ၄ ခုကို ဇန်နဝါရီလကုန်မှ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ ၉၆ ဦး သေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် သုံ့ပန်း ၁၀၁ ဦးကို အရှင်ဖမ်းဆီးရမိကြောင်း အမှတ် (၁) စစ်ဒေသ က ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် ထုတ်ပြန်သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်း ကျေးရွာစခန်းများနှင့် ကျွန်းလှမြို့နယ်ရှိ အင်တိုင်းရွာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းများထဲမှ ပေကြီးနှင့် ငှက်ပျောတိုင်းရွာစခန်းများကို သိမ်းပိုက်စဉ် စစ်ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်မျိုးဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။ ၎င်းနှင့်အတူ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂၄,၆၅၂ တောင့်နှင့် ဗုံးသီး ၅၃၀ လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့သဖြင့် ဤတိုက်ပွဲသည် ဒေသတွင်း စစ်ကော်မရှင်တပ်အတွက် လက်နက်ခဲယမ်း ဆုံးရှုံးမှု အများဆုံးတိုက်ပွဲတခု ဖြစ်လာခဲ့သည်။
စစ်ကော်မရှင်တပ်သည် စခန်းများ လက်မလွှတ်ရရေးအတွက် ဂျက်ဖိုက်တာ၊ Y-12 နှင့် Gyrocopter များအပြင် ကာမီကာဇေဒရုန်းများကိုပါ အသုံးပြုကာ ၄၁ ကြိမ်တိုင်တိုင် လေကြောင်းမှ ခုခံတိုက်ခိုက်ခဲ့သော်လည်း စခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက အပြီးသတ် ထိန်းချုပ်နိုင်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်သည် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်ကော်မရှင်တပ်အတွက် ကချင်ပြည်နယ်သို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်ရေးတွင် အဓိကကျသော လမ်းကြောင်းဖြစ်သည်။ ယခုသိမ်းပိုက်ရရှိသည့် ကိုးတောင်ဘို့နှင့် အင်တိုင်းရွာတို့သည် ထိုလမ်းကြောင်းပေါ်ရှိ ဗျူဟာမြောက်ဒေသများဖြစ်သဖြင့် စစ်ကော်မရှင်တပ်၏ ထောက်ပို့ယန္တရား ဖြတ်တောက်ခံလိုက်ရပြီဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။



Hits: 0
