ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ကတဆင့် မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့နဲ့ ကလေးမြို့ကို သယ်ယူပြီး အိန္ဒိယနိုင်ငံ နယ်စပ်ဘက် တင်ပို့ရောင်းချနေတဲ့ မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းမိထားတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။ နိုဝင်ဘာလ ၅ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ လမ်းဆုံမှာ ကလေးဝမြို့ ကနေ ကလေးမြို့ ဘက် မောင်းနှင်လာတဲ့ ၁၂ဘီးကား တစ်စီးကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ရာက ကားပေါ်မှာ ကုန်ပစ္စည်းတွေနဲ့ ဖုံးအုပ် သယ်လာတဲ့ ဘိန်းဖြူတွေ သိမ်းဆည်းမိပြီး စစ်ဆေးချက်အရ လူ ၂၁ဦးပါ မူးယစ်ဂိုဏ်းကို ဖော်ထုတ် နိုင်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့တွင် သိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သူများနှင့် ချိတ်ဆက် သယ်ဆောင် ရောင်းဝယ် ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတု ပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခို ဂိုဏ်း အဖွဲဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
လက်ရှိမှာ မန္တလေးမြို့နဲ့ ကလေးမြို့မှာ အခြေပြုတဲ့ မူးယစ်မှောင်ခို ကုန်ကူးသူ စုစုပေါင်း လူ ၁၃ ဦး၊ ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း သုံးတန်ကို ဖမ်းမိထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ဖမ်းမိထားသူတွေဟာ ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံမှာ ဘိန်းဖြူ ၅၀ ဒဿမ ၆ ကီလိုနဲ့အတူ ဖမ်းမိတဲ့ ယာဉ်မောင်း စိန်လွင်နဲ့ ယာဉ်နောက်လိုက် ချစ်စန်း၊ မန္တလေးကနေ ကလေးမြို့ကို မူးယစ်ဆေးဝါး တင်ပို့ ရောင်းချတဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ မြင့်နိုင်ဦး (ခ) မောင်စိုးနဲ့ ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကား၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်နေ ဘရန်မွန်း (ခ) ဇော်တန်၊ မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်နေ ရန်နိုင်၊ ကလေးမြို့မှာ မူးယစ်ဆေးတွေ လက်ခံသိုလှောင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကို တင်ပို့ ရောင်းချသူတွေဖြစ်တဲ့ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၀)နေ လားထန်ပွီးယာ၊ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ(၁၃)နေ သောက်နယ်လွယ် (ခ) ပုသောက်၊ မန္တလေးကနေ ကလေးမြို့ကို မူးယစ်ဆေးဝါးတွေ တင်ပို့တဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ဝင်းဌေးအောင်၊ ကလေးမြို့မှာ မူးယစ်ဆေးဝါးတွေ လက်ခံသိုလှောင်ထားတဲ့ ကလေးမြို့၊ လှိင်သာယာရပ်ကွက်ရှိ ကုန်စည် ပို့ဆောင်ရေး ဂိတ်က လှမိုး(ခ)ဆန်းလွင်၊ မန္တလေးမြို့မှာ မူးယစ်ဆေးဝွးတွေကို တစ်ဆင့်ပြန်လည်ရောင်းနေတဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ ရော်ကျိန်ရန် (ခ) အားဟွိက်၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှာ ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူ ရော်ကျိန်ရန်ရဲ့ ဇနီး မအားမိန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြိုနယ်နေ စိုးဝင်း ဆိုသူရဲ့ အစီအမံနဲ့ မန္တလေးမှာ မူးယစ်ဆေးဝါးတွေ လက်ခံသိုလှောင် ဖြန့်ဖြူးပိုဆောင်ပေးသူ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ ရဲဇော်အောင် (ခ) အားဖ တို့ကို ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ကနေ မန္တလေးဘက် မူးယစ်ဆေးတွေ တင်သွင်းနေတဲ့ စိုးဝင်း ဆိုသူ အပါအဝင် ဆက်စပ်သူတချို့ကိုတော့ ဖမ်းမမိသေးဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ မူးယစ်ဆေး ရောင်းဝယ်၊ သုံးစွဲသူတွေ ပိုမို များပြားလာပြီး မူးယစ်ဆေး ဝယ်ယူရတာ ပိုမို လွယ်ကူလာသလို စျေးနှုန်းလည်း လျော့ကျနေတယ်လို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။
Hits: 0