စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာနဲ့ ဟားခါးလေးကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၃၁ ရက်နေ့မှာ နေအိမ်တွေကို ၀င်ရောက်မီးရှို့နေတယ်လို့ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ အင် အား နှစ်ရာ၀န်းကျင်ပါ စစ်ကြောင်းဟာ အောင်ချမ်းသာရွာကနေ သံဖိုရွာကို စစ်ကြောင်းထိုးမီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးလေးရွာ က နေအိမ် ၅လုံးလောက် ၀င်ရောက်မီးရှို့ခဲ့ပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ ပါမွန်ချောင်းရွာမှာလို့ သိရပါတယ်။ “၃၀ ရက်နေ့က နတ်ချောင်းအနီးမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုရှိတယ်။ ၃၁ ရက်နေ့ နေ့လယ် ၁၁နာရီမှာ သံဖိုရွာကို မီး၀င်ရှို့တယ်၊ အဲဒီနောက် ဟားခါးလေးရွာကို မီးရှို့သွားတာ” လို့ စစ်ရေးအခြေနေသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း ကလေးမြို့နယ်၊ နတ်မြောင်းရွာထဲက နေအိမ်တွေကို ဖောက်ထွင်း၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းထိုးကစပြီး လက်ရှိအချိန်ထိ ဝင်ရောက်လာချိန်မှာလည်း ကလေး – ဂန့် ဂေါ ကားလမ်းမကြီးဘေးရှိ ထောက်ကြန့် ၊ကြာအင်း၊ နတ်ချောင်းကျေး၊ ချောင်းခွ ၊ကျွန်းတော ကျေးရွာအတွင်းက နေအိမ်တွေနဲ့ ကားလမ်းဘေးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကလေး- ဂန့်ဂေါလမ်းမဘေးရှိ ကျေးရွာတွေက ဒေသခံ တစ်သောင်းထက်မနည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။


Hits: 0
