စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ဘက်ခြမ်း ကလေး-တမူးကားလမ်းဘေးက ရွာတချို့မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေ သိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ နှစ်ဖက် တိုက်ပွဲကြောင့် နန်းဟံနွဲ့၊ နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ စခန်းကြီး၊ အင်ဒိုင်းကုန်းဦ အောင်သပြေ၊ ၅၆ မိုင်ရွာအပါအဝင် ၁၀ ရွာထက်မနည်းက ဒေသခံလူထုတွေ ကျေးရွာအနီးက တော၊ တောင်တွေထဲမှာ စစ်ရှောင်နေကြရတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်က နန်းဟံနွဲ့ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ စစ်ကြောင်းစထိုးခဲ့ပြီး နန်းဟံနွဲ့တဝိုက်က ကျေးရွာတွေကိုပါ စစ်ကြောင်းဆက်ထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ စပြီးဖြစ်ပွားခဲ့တာလို့ ကလေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ကံသာယာရွာအခြေစိုက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ မြသိန်းတဘုရားနဲ့ ပေါ်တော်မူ ဘုရားကုန်း စတဲ့ တော်လှန်ရေးတပ်တွေ ခြေကုပ်ယူတပ်စွဲထားတဲ့နေရာတွေကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့ ဖော်ပြနေကြပါတယ်။

စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ရဲ့ လက်‌အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၁၊ ၃၆၂၊ ၃၆၃၊ အမှတ် ၆ ဆက်သွယ်ရေးတပ်၊ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၈၇၊ ၂၂၉၊ ရှမ်းနီတပ်(SNA)အပြင် ကသည်းနဲ့ နာဂ လက်နက်ကိုင်တပ်တွေ ပေါင်းပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာလို့ သူက ဆက်ပြောပါတယ်။ ၂ လဝန်းကျင်ကျော်ကြာနေပြီဖြစ်တဲ့ စစ်တပ်စစ်ကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကို စစ်တပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးထားတယ်လို့ သူက ဆိုပါတယ်။ တော်လှန်ရေးဘက်ကတော့ က‌လေးခရိုင်ထဲက PDF အဖွဲ့တွေနဲ့ တပ်ရင်း ၅ ရင်းထက်မနည်းအပါအဝင် မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ PDF Zoland အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်လို့ ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed