စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့က တောင်ဇလပ်ရပ် ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းမှာ ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံမှာ ဘိန်းဖြူရောင်းချခိုင်းသူ မျိုးကိုဦးနဲ့ မဆန်ချင်းတိလ်တို့ နှစ်ဦးကို ဆပ်ပြာခွက် ၆၆၀ ခွက်ထဲက ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဘိန်းဖြူ ၈ ဒသမ ၆ ကီလို စုစုပေါင်း ဖမ်းမိခဲ့ပြီး ကာလတန်ဖိုး သိန်းပေါင်း ၄,၃၀၀ ရှိတယ်လို့ သိရပါတယ်။ ဘိန်းဖြူတွေကို ဖိုးကျော် (ခ)ကျော်ကျော် (ခ)မော်သင်း၊ သူရဲ့ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့ရဲ့ အစီအစဥ်နဲ့ မိတ္တူကူးစက် အဟောင်းတွေအတွင်း သိုဝှက်ပြီး မန္တလေးမှ ကလေးမြို့ကို သယ်ဆောင်ရောင်းဝယ်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူဆတွကို စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။
အမှုမှာ ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Hits: 0