စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်ရှိ အထက်တန်းကျောင်းဆောင် တစ်ခု ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းမှာ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၇နာရီမှာ စတင်မီးလောင်ခဲ့ပြီး ရပ်ကွက် ဒေသခံတွေက ဝိုင်း၀န်းငြိမ်းသတ်ခဲ့ပြီး မီးသတ်ကားတွေက ၈နာရီ ၀န်းကျင်လောင်မှ ရောက်လာပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
” သစ်သား ကျောင်းဆောင် မီးလောင်သွားတာ၊ မဖွင့်တာ ကြာပြီလေ။ အရင်က စစ်ကောင်စီ တွေ ရှိတယ်။ အခုနောက်ပိုင်းမှာ မရှိဘူး၊ မီးက ရှို့မီးလို့ ပြောကြပေမယ့် သေချာ မသိကြဘူး။ မီးသတ်ကားတွေ ရောက်လာချိန်မှာ စစ်ကောင်စီ တွေလည်း ပါလာတယ်။ သေနတ်တွေကို မောင်းတွေ၊ ဘာတွေ တင်ပြတော့ မီးသတ်တွေ မလာခင် ငြိမ်းနေတဲ့ သူတွေက အကုန် ပြန်ပြေးကြရတာတော့တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးကို ၁၁ နာရီခွဲ ၀န်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ပြီး တခြားကျောင်းဆောင်နဲ့ နေအိမ်တွေကို မီးမကူးအောင် ဒေသခံတွေက ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထက်တန်းကျောင်းဟာ အရင်က ခရစ်ယာန်ဘာသာရေးအသင်းတော် တစ်ခုဖြစ်တဲ့ သတ္တမနေ့အသင်းတော်ရဲ့ စာကျောင်းဖြစ်ခဲ့ပြီး စစ်အာဏာရှင် ဦးနေ၀င်းလက်ထပ်မှာ ပြည်သူပိုင် အဖြစ် သိမ်းယူခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ လ ၂၉ ရက်နေ့ကလည်း မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ဇဟောရွာက နှစ်ထပ်စာသင်ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြာကျသွားခဲ့ပါတယ်။

Hits: 0
