အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း Chinland Council ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် Chinland Council တပ်ဖွဲ့၏ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့က အကြမ်းဖက်စစ်တပ်ကို ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း၊ Chinland Council တပ်ဖွဲ့၏ စစ်ကြောင်း (၁) က Vakok PDF ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲ၍ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရှိရသည်။
စစ်တပ်က လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း Chinland Council တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် အင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အထိနာနေသော စစ်တပ်က နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၄ ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၇ ကြိမ်၊ Y-12 လေယာဉ် ဖြင့် ၁ ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုက်လေယာဉ် ဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ Y-12 ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် Fighter Jet ဖြင့် ၄ ကြိမ် လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ Chin Brotherhood တပ်ဖွဲ့၏ စစ်ကြောင်း (၂) က Chin National Defense Force (CNDF) ၊ PDF Zoland စသည့် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲ၍ ဖလမ်းမြို့နှင့်ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့အကြားတွင်လည်းကောင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ယမန်နေ့နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်ဟာ ချင်းပြည်နယ်ဖလမ်းမြို့အပါအဝင် သူတို့ လက်လွှတ်ဆုံးရှုံထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒီလိုထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်ဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့တွေ ပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်မှုကြောင့် သိုင်ငင်လမ်းဆုံ ၊ဝေဘူလမြို့ စတဲ့ဒေသအချို့ကို တော်လှန်ရေးတပ်တွေက ခေတ္တလက်လွတ်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
” အခုလို အောင်မြင်မှု ရနိုင်တာကတော့ CC(ချင်းပြည်ကောင်စီ) ပဲဖြစ်ဖြစ်၊ CB(ချင်းညီနောင်) ပဲ ဖြစ်ဖြစ် ဘုံရန်သူကို ပထမဦးစားပေးပြီး အတူတကွ စည်းလုံးပြီး တိုက်ပွဲဝင်တာကြောင့်ဖြစ်ပါတယ်။ ချင်းပြည်သူ အနေနဲ့ဆိုရင် အများကြီးဝမ်းသာပါတယ်။ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကတော့အားပေးတယ်။တိုက်တွန်းတယ်” လို့ ချင်းသတင်းရင်းမြစ်တဦးက ချင်းတော်လှန်ရေးအင်အားစု နှစ်ခုအကြား ညီညွတ်စွာနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေမှုအပေါ် သဘောထားပြောပြပါတယ်။ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီအတူတူ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ ပါဝင်ပေးဖို့ တက်နိုင်တဲ့ဘက်ကအားပေးဖို့လိုအပ်ပြီး ညီညွတ် ရေးပျက်ပြားစေမယ့် လှုံ့ဆော်မှုတွေမလုပ်ဖို့လည်း ချင်းသတင်းရင်းမြစ်က တိုက်တွန်းပါတယ်။





Hits: 0
