စစ်ကိုင်း နှင့် ချင်းမြောက်ပိုင်းကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါ်မှ အဓိကကျသည့် သိုင်းငင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချင်းတော်လှန်ရေးတပ် CDM (Civic Defense Militia) Siyin အဖွဲ့လက်ထဲမှ ပြန်လည်သိမ်းပိုက်ခဲ့ သည်ဟု သိရသည်။ သိုင်းငင်းစခန်းသည် စစ်ကော်မရှင်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-ကလေး) အခြေစိုက်ရာ စစ်ကိုင်းတိုင်း ကလေးမြို့၊ စစ်တပ်ကရွေးကောက်ပွဲလုပ်မည်ဟု ကြေညာ ထားသည့် ချင်းပြည်နယ်ထဲမှ တီးတိန်မြို့၊ ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားရာ ဖလမ်းမြို့တို့အကြား၊ လမ်းဆုံလမ်းခွတွင် တည်ရှိသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထားသည့် ထိုတပ်စခန်းကို စစ်တပ် ပြန်ရသွားသည်က ဒေသတွင်းတော်လှန်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုကို အခက်တွေ့နိုင်သည်ဟု CDM (Civic Defense Militia) Siyin ဘက်ကဆိုသည်။ “ သိုင်းငင်းကို (စစ်တပ်)ထိန်းထားနိုင်တယ်ဆိုရင်တော့ တီးတိန်မြို့ထဲတို့၊ ကလေးမြို့ထဲတို့ကို ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေက ချက်ချင်းအလုံးအရင်းနဲ့ဝင်နိုင်ဖို့ကတော့ ခက်ခဲတော့မှာပေါ့နော်”ဟု CDM (Civic Defense Militia) Siyin ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။ သိုင်းငင်းစခန်းကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခြင်းသည် ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည်ဟုလည်း ဒေသတွင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ချင်းပြည်နယ်ထဲမှ နယ်မြေထက်ဝက်ကျော်ကို လက်လွှတ်ထားရသည့် စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသည့် ဟားခါး၊ တီးတိန်၊ ထန်တလန်အပါအဝင် ချင်းတော်လှန်ရေးတပ်များ အားကောင်းရာ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့တွင်လည်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်။ ထို့အပြင် ချင်းတောင်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သည်လည်း ရွေးကောက်ပွဲကျင်းပမည့် စာရင်းတွင်ပါဝင်သည်။ စစ်တပ်သည် သိုင်းငင်းတိုက်ပွဲအတွက် အင်အား ၂၀၀ ခန့်အသုံးပြုခဲ့သည်ဟုလည်း CDM (Civic Defense Militia) Siyin ဘက်ကဆိုသည်။


“သူတို့က ၇ ရက်နေ့မှာ လေထန်ကုန်းမှာအိပ်ခဲ့ပြီးတော့ ထိတွေ့မှုအနည်းငယ်ဖြစ်ခဲ့တယ်။ ပြီးတော့မှသူတို့က ကားလမ်းအတိုင်းမဟုတ်ဘဲ သိုင်းငင်းရဲ့တောင်ပေါ်လမ်းအတိုင်း တက်လာပြီးတော့ ၈ ရက်နေ့ကို သိုင်းငင်းရဲ့ အပေါ် တည့်တည့်မှာ သူတို့ကနေရာယူထားတယ် တာဝါတိုင်နားမှာ။ မနေ့က ၉ ရက်နေ့ မှာသူတို့က သိုင်းငင်းရွာထဲကိုဝင်ပြီးတော့ ထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်”ဟု CDM (Civic Defense Militia) Siyin စီးယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ယနေ့ နံနက်ပိုင်းတွင် အတည်ပြုသည်။

အဆိုပါစစ်ကော်မရှင်စစ်ကြောင်းသည် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကနေဒီတောင်ကို ပြန်လည် သိမ်းပိုက်ထားသည်။ သိုင်းငင်းစခန်းကိုပါ ထပ်မံရရှိသွားသည့် အတွက် ကလေး-တီးတိန် လမ်းပေါ်ရှိ အဓိကကျသည့်နေရာများကို စစ်တပ်က ထိန်းချုပ်နိုင်သွားသည့် အခြေအနေဖြစ်သည်။


တီးတိန်မြို့ အမှတ် ၂၆၉ ခြေလျင်တပ်ရင်းကို အောက်တိုဘာလ တတိယပတ်တွင် လေကြောင်းမှ တဆင့် အင်အား ၅၀၀ နီးပါး ဖြည့်တင်းခဲ့ပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ကလေး – တီးတိန်လမ်းအတိုင်း သိုင်းငင်းဘက်သို့ ဦးတည်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အရပ်သားများကို ဓားစာခံအဖြစ်ဖမ်းဆီးလာသည့် ထိုစစ်ကြောင်းကို ချင်းညီနောင်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒိမ်လိုရွာနှင့် ဆောင်မ်ပီးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကာ လက်နက်အချို့ သိမ်းဆည်းရမိပြီး ဓားစာခံ ၁၄ ဦး ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းတွင် ကလေးမြို့မှ သိုင်းငင်းဘက်သို့ ဦးတည်တက်လာသည့် စစ်ကြောင်းမှာလည်း သိုင်းငင်းနှင့် ၁၄ မိုင်ခန့်အကွာ မွာလ်ပီးရွာတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ ထံကသိရသည်။
စစ်တပ်စစ်ကြောင်းကြောင့် တီးတိန်မြို့နယ်မှ ကျေးရွာ ကိုးခုမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ သည်။

ချင်းပြည်နယ် မြို့နယ် ကိုးခုအနက် မြို့တော် ဟားခါး၊ တီးတိန်၊ ထန်တလန်တို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း ကိုချင်းညီနောင်က သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် အေအေက ပလက်ဝကိုထိန်းချုပ်ထားသည်။ ချင်းပြည်ကောင်စီက တွန်းဇံကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed