ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချနေကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ မြ၀တီ-ကော့ကရိတ် ဒေါန တောင်ပေါ်လမ်းဟောင်းရှိ နောင်ကိုင်းကျေးရွာ၊ ထီဖိုးစံကျေးရွာ၊ မိဖာလဲကျေးရွာတို့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရသည်။
“အခု လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ၂ ကြိမ်လာကြဲသွားတယ်။ မိဖာလဲကျေးရွာကို ကျပေါက်ကွဲတယ်လို့ သတင်းရပါတယ်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား နေလို့ ဗုံးများ လာကျဲသွားတာ၊ ကော့ကရိတ် မြောက်ပိုင်း နောင်ကိုင်း ၊ ထီဖိုးစံ နေရာတွေမှာ စစ်တပ်တွေရာချီ သေနေတာ။ တစ်နေ့ကလည်း Y12 လေယာဉ် နဲ့ ဗုံး အလုံး ၆၀ ကျော် ကျဲချခဲ့တယ်။ ဒီနေ့လည်း ထပ်ပြီး အထိနာနေလို့ ဂျက်ဖိုက်တာ စစ်ကူခေါ်တာ။ အောက်ဘိုတဲ မြဝတီလမ်းဟောင်း ကို အသည်းအသန် သိမ်းဖို့ စစ်တပ်က လုပ်နေတာ မရလို့ လေကြောင်းကနေ မည်းနေတာ” ဟု ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
အောက်တိုဘာလ အစောပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် DKBA ဗိုလ်ဘိ အဖွဲ့တို့ ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း၊ ထို့ကြောင့် စစ်တပ်က ကျုံ ဒိုးမြို့ဘက်မှ စစ်ကူများပို့ ဆောင်ကာ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
Hits: 0
