ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်ကောင်စီ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်း အထန် ဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Mon Liberation Army မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် တက်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ ၊ တပ်မ ၅၅ မှ စစ်ကြောင်း နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ ၇ နာရီကျော်ကြာ မြင့်ပြီး အဆိုပါ တိုက်ပွဲအတွင်း တပ်ရင်းမှူး အပါအဝင် 2IC ဗိုလ်မှူး ဒဏ်ရာရရှိကြောင်း၊ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်တပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီစစ်တပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၊ MA 2 လက် နက်များ၊ RPG အမြောက်များနှင့် RPG ဗုံး၊ RPG ပို့ယမ်းများ၊ ၆၀ မမ လက် နက်ကြီးများ၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် အပါအဝင် လက်နက် ခဲယမ်း များနှင့်စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။ “လက်နက်ခဲယမ်းအရေအတွက် အတိကျအနေနဲ့ ထုတ်ပြန်ခွင့်ရလာရင် ပြောပြပေးပါမယ်” ဟု Mon Liberation Army မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် တော်လှန်ရေး ပူးပေါင်းတပ်က ကျုံဒိုးမြို့ နေရာ ၄ ခုကို လက် နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ ထို့အပြင် ဘားအံမြို့မှ ခဲယမ်းများ တင်ဆောင်လာသည့် ကားများ လည်း သာမည၊ ကော့ဒါဘက်မှ ကျုံဒိုးဘက်သို့ တက်လာကြောင်း သိရသည်။

“ဒီနေ့ မနက် ၁၀ နာရီ အချိန် တော်လှန်ရေးဘက်က စစ်ကောင်စီ စစ်ကြောင်း ပစ်မှတ် ၄ နေရာကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီနောက် စစ်ကောင်စီဘက်က လည်း ပြန်ပစ်ခတ်နေတာရှိ တယ်။ ပြီးတော့ မနက် ၁၀ နာရီ အချိန်မှာ ဖားအံ က စစ်ကူ ခဲယမ်းကားတွေ သာမည ကော့ဒါဘက် ကနေ ဂျိုင်း၊ ကျုံဒိုးဘက်ကို တက်လာတယ်။ ပတ္တူ (တာလပတ်)စိမ်းအုပ် ရိက္ခာ၊ ခဲယမ်းကား ၆ ဘီး ၊ ၂ စီး ထွက်လာ‌နေတာ။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးတွင် KNLA က ဦးဆောင်ပြီး RMA မွန်တပ်တော်၊ PDF တပ်များ အပါအဝင် မဟာမိတ် တပ်ပေါင်းစုံပါဝင်ကြောင်း သိရှိရသည်။ ကျုံဒိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းထားပြီး မြို့ပြင်သို့ထွက်ကာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များထံ ပူးပေါင်း၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ထား ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed